ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်က စစ်ကောင်စီ ဖျက်ဆီးသွားသည့် မံဆောင်းမြစ်ကူး ကြိုးတံတားကို ဒေသခံများမှ ကိုယ်ထူ ကိုယ်ထပြန်လည်ပြုပြင် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

မြန်မာ – အိန္ဒိယ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း တည်ရှိသည့် ရိဒ်ခေါဒါရ်မြို့ကို ဆက်သွယ်ထားသည့် တီးတိန် – ရိဒ် ကားလမ်းပေါ်က မံဆောင်းတံတားကို စစ်ကောင်စီက ဇွန်လ ၈ ရက်နေ့တွင် မိုင်းဖြင့် ဖောက်ကွဲဖျက်ဆီးသွားခြင်းဖြစ်သည်။

ပြည်သူများ နေ့စဥ်အသုံးပြုလျက်ရှိသည့် မံဆောင်းတံတားကို တီးတိန်မြို့နယ် လိုင်တွီးကျေးရွာဒေသခံများမှ ကိုယ်ထူကိုယ်ထဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေခြင်းဖြစ်သည်။

“တံတားကို ပြန်မပြင်ဘဲ ဒီအတိုင်း ထားခဲ့လို့ မရဘူးလေ။ ဒီတံတားက လူတွေ ကျန်းမာရေး၊ ပညာရေး၊ လူမူရေး၊ စားဝတ်နေရေးအတွက် အသုံးပြုတဲ့ တံတားလည်းဖြစ်တယ်။ အဲ့အတွက် တံတားကို ရွာသားတွေ စုပေါင်းပြီး ကိုယ်ထူကိုယ်ထနဲ့ ပြန်ပြုပြင်တာဖြစ်တယ်။”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မံဆောင်းတံတားသည် မဏိပူရမြစ်ကို ဖြတ်ကူးထားသည့် သံကွန်ကရစ် ကြိုးတံတားအမျိုးအစားဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက တံတားလည်းဖြစ်ကာ အဆိုပါ တံတားဖျက်ဆီးမူကြောင့် တီးတိန်မြို့နယ်က ကျေးရွာများတွင် နယ်စပ်မှကုန်ပစ္စည်းများ ပြတ်တောက်နေကြောင်း သိရသည်။

မံဆောင်းတံတားကို ၂၀၂၀ ခုနှစ် NLD အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နှစ်လမ်းသွား သံကူကွန်ကရက်ကြိုးတံတား အမျိုးအစားလည်း ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီသည် တီးတိန်မြို့နှင့် တွန်းဇံမြို့ကို ဆက်သွယ်ထားသည့် ဇလွေးတံတားကိုလည်း ဇွန်လ ၁၀ရက်နေ့က လက်နက်ကြီးဖြင့် ပစ်ခတ် ဖျက်ဆီးခဲ့သည်။

ပုံစာ- စစ်ကောင်စီဖျက်ဆီးသွားသည့် မံဆောင်းတံတားကို တွေ့ရစဥ်။(ပုံအဟောင်း)
#တီးတိန်မြို့ #စစ်ကောင်စီ #ဖျက်ဆီး #မံဆောင်းမြစ်ကူးတံတား #ဒေသခံများ #ပြန်လည်ပြုပြင်
#Ayeyarwaddy_Times