
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်
မြန်မာ – ထိုင်းနယ်စပ် မြဝတီမြို့ရှိအွန်လိုင်းလိမ်လည်မှုဂိုဏ်များတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသား ရှစ် ဦးကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ရုံးရှေ့တွင် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ယင်းသံရုံးထုတ်ပြန်ချက်အရ သိရသည်။
DKBA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး လက်ရှိ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်လျက်ရှိသည်။
အိန္ဒိယနိုင်ငံသားများကို အဆိုပါ DKBA ရုံးရှေ့တွင် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးသို့ ဘေးကင်းစွာလွဲပြောင်းပေးအပ်သဖြင့် အာဏာပိုင်များ၏ ကူညီပံ့ပိုးမှုနှင့် ဒေသဆိုင်ရာအကူအညီများသည် အလွန်အရေးကြီးကြောင်း အိန္ဒိယသံရုံး၏ ဇူလိုင် ၂၂ ရက်နေ့ ထုတ်ပြန်ချက်တွင်ပါရှိသည်။
အိန္ဒိယနိုင်ငံသား ရှစ် ဦးသည် မြဝတီမြို့၊ ဖလူးဒေသကို အခြေပြုနေသည့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့်ဂိုဏ်းများ၏ ဖြားယောင်းသွေးဆောင်ခြင်းကိုခံရပြီးနောက် ပြန်လည်လွတ်မြောက် လာခြင်း ဖြစ်ကြောင်း သိရသည်။
“တရားမဝင်အလုပ်အကိုင်တွေခေါ်ယူမှုတွေနဲ့ ပတ်သက်ပြီးသွေးဆောင်မခံရစေဖို့ အကြံပေးချက် များကို လိုက်နာဖို့ လေးနက်စွာထပ်လောင်းပြောကြားပါတယ်” ဟု အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက် တွင်ပါဝင်သည်။
မြဝတီမြို့တောင်ပိုင်း ဖလူးဒေသအခြေစိုက်လှုပ်ရှားသည့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့် ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသော အိန္ဒိယ၊ မလေးရှားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုမှ လူငယ်များကို အလုပ်အကိုင် အတွက် အွန်လိုင်း ရာဇဝတ်မှု များကျူးလွန်ခိုင်းကြောင်းပါဝင်သည်။
စစ်ကောင်စီသည် မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုများမှနေ၍ ဒေါ်လာ ဘီလီယံနှင့် ချီ၍ရရှိနေပြီး အွန်လိုင်းလိမ်လည်မှုဖြစ်စဉ်များသည် အိမ်နီးချင်းနိုင်ငံများအတွက် ပြဿနာဖြစ်လာကာ ဖိအားပေး ခံရမှုများရှိလာကြောင်း ၊ အွန်လိုင်းလိမ်လည်မှု နောက်ကြောင်းရာဇဝင်ကို ဖော်ပြပါက မြောက်ပိုင်း အဖွဲ့များအပါဝင် ရှမ်းနှင့်ကရင်အဖွဲ့အစည်းများက ကြိုက်နှစ်သက်မည်မဟုတ်ကြောင်း ဘဏ္ဍာရေး ဆိုင်ရာ နားလည်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။
ယင်းအပြင် အွန်လိုင်းလိမ်လည်မှုတွင် ထိုင်းနိုင်ငံဘဏ်များပါဝင်နေပြီး ထိုင်းစီးပွားရေး ထောင်တက် သွားသော်လည်း တရုတ်ကဖိအားပေးသဖြင့် လက်ရှိတွင် ဘဏ်အကောင့်တုများကို စတင်ရှင်းလင်း နေကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် မေလပိုင်းအတွင်းက မြန်မာ – ထိုင်း MOU စနစ်ဖြင့် တရားဝင်အလုပ်လုပ်နေသော မြန်မာအလုပ် သမားအချို့၏ အမည်ပေါက်ဘဏ်အကောင့်များတွင် ဘတ်ငွေသိန်းသန်းချီ အဝင် အထွက်ရှိနေသဖြင့် ထိုင်းအစိုးရ၏ စစ်ဆေးဖမ်းဆီးမှုများကို ခံခဲ့ရကြောင်းသိရသည်။
ပြီးခဲ့သည့် ဇူလိုင် ဒုတိယပတ်က အိန္ဒိယနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ဘင်းစတက် ထိပ်သီးအစည်းအဝေး၌ မြန်မာ – အိန္ဒိယ – ထိုင်းသုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြုလုပ်ခဲ့ပြီး နယ်စပ်တည်ငြိမ်ရေး ကိစ္စများကို ဆွေနွေးခဲ့ကြောင်းသိရသည်။
အဆိုပါသုံးနိုင်ငံဆွေးနွေးရာတွင် တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများတိုက်ဖျက်ရေး၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် အတူတကွ ပူးပေါင်း ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယမန်နှစ် ၂၀၂၃ အောက်တိုဘာအတွင်းက MNDAA ၊ TNLA ၊ AA မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့သည် မြန်မာပြည် တွင်းရှိ အွန်လိုင်းလိမ်လည်ဂိုဏ်း (တရုတ်လို ကျားဖြန့်) များကိုနှိမ်နင်းရန် အကြောင်းပြ၍ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲစတင်ဖော်ဆောင်ချိန်တွင် စစ်ကောင်စီကလည်း ရန်ကုန်မြို့အတွင်းရှိ အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများကိုဖမ်းဆီးကာ တရုတ် နိုင်ငံသားများကိုလည်း တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။
ဓာတ်ပုံ – အိန္ဒိယသံရုံး
#အိန္ဒိယနိုင်ငံသား #အွန်လိုင်းလိမ်ခံရ #မြဝတီ #အိန္ဒိယသံရုံးလွှဲပေး #Ayeyarwaddy_Times