ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် ပဲတခွဲကျေးရွာ၌ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့ကစ၍ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာအတွင်း မြစ်ရေဝင်ရောက်ကာ မသန်စွမ်းများအပါအဝင် ဒေသခံ ၄၀၀၀ နီးပါးရေဘေးဒုက္ခခံစားနေရကြောင်း သတင်းရရှိသည်။

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာအတွင်းသို့ မြစ်ရေဝင်ရောက်ကာ အိမ်ထောင်စု(၁၃၃၃)စု ၊လူဦးရေ (၄၁၂၅)ဦး ရေဘေးဒုက္ခကြုံနေရာတွင် မသန်စွမ်းဒေသခံ ၁၂၀ ဦးထက်မနည်းပါဝင်နေကာ စားဝတ်နေရေးအတွက် အခက်အခဲကြုံနေကြောင်း ရေဘေးကူညီရေး လုပ်ဆောင်ပေးနေသောဒေသခံ လူမှုကူညီရေးအသင်းအဖွဲ့များထံက သိရသည်။

“ ပဲတခွဲမှာရေကြီးတာက တစ်ပတ်ကျော်နေပြီ။ အခုကတရွာလုံးနီးပါးရေမြုပ်နေတဲ့သဘောဖြစ်နေတာ။ ရေဘေးသင့်အိမ်ထောင်စု၁၃၀၀ ကျော်၊လူဦးရေအနေနဲ့က ၄၁၀၀ ကျော်ရှိတယ်။ အဲ့ဒီထဲမှာ မသန်စွမ်းဖြစ်တဲ့သူကအယောက်၁၂၀ လောက်ပါတယ်ပေါ့။ ရိက္ခာအတွက်ကတော့ ထမင်းထုပ်တွေနဲ့ဓာတ်ဆားတွေလှူပေးတယ်။အခြားလူမှုကူညီရေးအသင်းတွေကလည်းတတ်နိုင်သလောက်ကူပေးဖို့အကူအညီတောင်းတာတွေရှိနေပါတယ်”ဟု ဒေသခံလူမှကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ ရေဘေးသင့်ဒဏ်ခံစားရမှုမှာ နှစ်ပေါင်း၃၀ နီးပါးတွင်အဆိုးဆုံးအခြေအနေဖြစ်ပြီးဒေသခံများအနေဖြင့် တစ်ပတ်ကြာမြင့်သည်အထိ သောက်သုံးရေနှင့်စားနပ်ရိက္ခာရရှိရန် ခက်ခဲနေပြီး ရေဆက်လက်မြင့်တက်နေမှုကြောင့် ဝမ်းရောဂါအပြင် မြွေအန္တရာယ်စသည်တို့ကို စိုးရိမ်နေရကြောင်း ဒေသခံများကပြောဆိုသည်။

“ရေကြီးတာ ပုံမှန်က အဲ့လောက်ထိမကြာဘူး။ အခုကတရွာလုံးဘယ်မှကိုသွားမရဖြစ်သွားတာ။ အခုတောင်အလှူရှင်တွေတွေ့သွားလို့မဟုတ်ရင်အကုန်စားနပ်ရိက္ခာပြတ်တဲ့သဘောဖြစ်နေတယ်။နောက်ပြီးတော့ နှစ်ပေါင်း၃၀ အတွင်းမှာဒီတခေါက်ဖြစ်တာအဆိုးဆုံးပဲ။ ရေကလည်းဆက်တက်နေအုံးမှာဆိုတော့ဝမ်းရောဂါဖြစ်မှာစိတ်ပူနေရတယ်။ မြွေအန္တရာယ်ကလည်းရှိနေတော့အဆင်မပြေဘူးဖြစ်နေတယ်”ဟု ရေဘေးသင့်ဒဏ်ခံစားရသည့်ပဲတခွဲကျေးရွာဒေသခံတစ်ဦးက ဆိုသည်။

အလားတူမြန်အောင်မြို့နယ်တွင်ပြီးခဲ့သည့် ဇူလိုင်လ ၁၃ရက်နေ့မှ ယမန်နေ့ဇူလိုင်လ၂၂ရက်နေ့အထိ ဧရာဝတီမြစ်ရေမြင့်တက်၍ ကျေးရွာအတွင်းသို့မြစ်ရေဝင်ရောက်မှုကြောင့် ပဲတခွဲနှင့်ပြင်စုကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာထက်မနည်း ရေဘေးသင့်ခံစားနေရကာ မြစ်ကမ်းနံဘေးရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တစ် ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ခြောက်ကျောင်း၊ အလယ်တန်းကျောင်း ငါးကျောင်း၊ မူလတန်းလွန်ကျောင်း ငါးကျောင်း၊ မူလတန်းကျောင်း ၂၀ကျောင်း စုစုပေါင်း(၃၇)ကျောင်း အထိ ယာယီပိတ်သိမ်းထားရကြောင်း စစ်ကောင်စီလက်အောက်ခံမြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနထံကသိရသည်။

ပုံစာ-မြန်အောင်မြို့နယ်ပဲတခွဲကျေးရွာ၌ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့်နေအိမ်၊ဘုန်းတော်ကြီးကျောင်းများရေနစ်မြုပ်နေမှုကို ဇူလိုင်လ၂၁ရက်နေ့၌တွေ့ရစဉ်။

ဓာတ်ပုံ-ကရုဏာကမ်းလက်လူမှုကူညီရေးအသင်း။
#ဧရာဝတီမြစ်ရေ #မြင့်တက်မှုကြောင့် #မြန်အောင် #ပဲတခွဲကျေးရွာတွင် #မသန်စွမ်း #ဒေသခံ၄၀၀၀နီးပါး #ရေဘေးဒုက္ခကြုံနေရ
#Ayeyarwaddy_Times