
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၂၃ ရက်
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မောရဝတီရေတပ်မှ ကလိန်အောင်ဘက်သို့ အိမ်စီးကားနှင့် ထွက်လာသော စစ်ကောင်စီတပ်ကား မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် နှစ်ဦးသေဆုံးသွားကြောင်း ဒေါနတပ်ခွဲ – ၆ ဝေဟင်တပ်ဖွဲ့ထံမှသိရသည်။
ဇူလိုင်လ ၁၇ ရက် နံနက် ၂း၄၀ မိနစ်ခန့်အချိန်က မောရဝတီရေတပ်မှ ကလိန်အောင်ဘက်သို့အိမ်စီးကားနှင့်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် စစ်ဘက်ရေးရာထောက်လှမ်းရေးအဖွဲ့ (စရဖ) တို့လိုက်ပါလာသော ကားကို ကံပေါက် – ကလိန်အောင် လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“သူတို့ (စစ်ကောင်စီ) တပ်သားတွေက ပေါ်ပေါ်ထင်ထင်သွားမရဲဘူးလေ။ဒါကြောင့် အိမ်စီးကား နဲ့ထွက်လာကြတာ။ ကားက ပရာဒို ကားဗျ။အဲဒီကား မှာက မောရဝတီရေတပ်က အရာရှိတွေ နဲ့ (စရဖ) တွေလည်းလိုက်ပါလာတယ်။အားလုံး ငါး ဦးပါတယ်ဗျ။ယောင်္ကျား က လေးဦး နဲ့ မိန်းမက တစ်ဦးပေါ့။ ကံပေါက် – ကလိန်အောင် လမ်းပိုင်းမှာ ဖြစ်တာပါ။ မိုင်းနဲ့အရင် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်။ကားကတော့ ထိချက်မှန်ပြီး လမ်းဘေးရေမြောင်းထဲသို့ ထိုးကျပြီး တိမ်းမှောက်သွားခဲ့တယ်။အရာရှိ တစ်ဦး က နေရာမှာပွဲချင်းပြီးသေတယ်။တပ်ကြပ်ကြီး တစ်ဦးက ကျည်ထိမှန်ပြီး ထပြေးရင်းနဲ့ သေသွားတယ်။ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။စစ်ကူတွေလာ နေတော့ အမြန်ပြန်ဆုတ်ခွာလာခဲ့ရတယ်။ လက်နက်တွေကတော့မရရှိခဲ့ပါဘူး”လို့ ဒေါနတပ်ခွဲ – ၆ မှပြန်ကြားရေးတာဝန်ခံ ရဲဘော် ဖြူဖွေးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်း တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် နှစ်ဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ပစ်ခတ်မှုဖြစ်နေစဥ်အတွင်း ကံပေါက်ရေကန်တောင်ပေါ် ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု များပြုလုပ်ခဲ့ပြီး နောက်ထပ်လည်း ကံပေါက်ဘက် မှ စစ်ကားကြီး နှစ်စီး အင်အား ၆၀ ခန့်ဖြင့် စစ်ကူလိုက်လာသောကြောင့် ပြန်လည်ဆုတ်ခွါလာခဲ့ရသည်ဟုဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့) ၊ ဒေါနတပ်ခွဲ – ၇(DDT)နှင့် မဟာမိတ်များဖြစ်သော KAWTHOOLEI ARMY(ကော်သူလေးအာမီ)၊ ကလိန်အောင် အခြေစိုက် ရွှေဘီလုံးတပ်ဖွဲ့တို့မှ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်များဘက်က အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။
ခရီးသွား ပြည်သူလူထုများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ အကြား အချိန်မရွေး ပစ်ခတ်မှုများဖြစ်ပေါ်လာနိုင်သည့်အတွက် စစ်ရေးအသိဖြင့် သွားလာကြပါရန်နှင့် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ခရီးသွားလာခြင်းမပြုကြရန် အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ-ဒေါနတပ်ခွဲ – ၆ ဝေဟင်တပ်ဖွဲ့
#မောရဝတီရေတပ် #တပ်ဖွဲ့ဝင်များ #မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီး #အရာရှိအပါဝင်၂ဦးသေ
#Ayeyarwaddy_Times