ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်တပ်စခန်းတစ်ခုဖြစ်သည့် မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်တော် (AA) က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ အဆိုပါ ရေတပ်စခန်းကို ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့ကစတင်ပြီး AA က ထိုးစစ် အရှိန်မြှင့်တင်ပြီး တိုက်ခိုက်လာသည့်အတွက် ရေ တပ်မကျစေရေး စစ်ကောင်စီက စစ်ကူအင်အားဖြည့် တင်းလျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၂၀ ရက်နေ့ကလည်း မောင်ရွှေလေးရေတပ်စခန်းကို AA က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ရေတပ်အတွင်း လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးထိခိုက်မှု များပြားခဲ့ကြောင်း သိရသည်။

“တပ်တော်က ၂၀ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တော့ စကစ (စစ်ကောင်စီ) တပ်ထဲကျည်ကျပြီး အတော်သေကုန်တယ်ပြောတယ်။ စစ်အင်အားတွေကိုလည်း အခုမှသင်တန်း ဆင်းတဲ့ တပ်သားအသစ်တွေကအစ ပို့နေတယ်။ တစ်နေ့ကို သုံးလေးယောက်တစ်ဖွဲ့စုပြီး ထွက် ပြေးနေကြလို့ တပ်တော်က ကယ်ထားတာ တော်တော်များနေပြီ။ စစ်တပ်က ရေတပ်မကျဖို့တော့ ရရာ နည်းနဲ့ကာကွယ်နေတယ်လို့ သိထားတယ်”ဟု သံတွဲ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ရေတပ်တိုက်ခိုက်ခံရစဉ်တွင် ရေတပ် အနီးရှိ ကျွဲသောက်ကျေးရွာကို လေကြောင်းမှ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ရေတပ်သို့ စစ်အင်အားဖြည့်တင်းထားသည့်အပြင် ဂျိတ္တောနှင့် ဇလွန်ရွာတို့တွင်လည်း စစ် အင်အား ရာနှင့်ချီပို့ဆောင်ထားပြီး တပ်စွဲထားကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၂၂ ရက်နေ့ကလည်း သံတွဲမြို့နှင့် ကျိန်န္တလီမြို့ကြား ကျောက်ကြီး၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက စစ်ကူကား ငါး စီးဖြင့် စစ်ကူပို့ဆောင်ခဲ့ ကြောင်း သိရသည်။

ရေတပ်ရှိရာသို့ AA တပ်ဖွဲ့ အလွယ်တကူဝင်ရောက်မလာနိုင်စေရန် သံတွဲ-ဇလွန်လမ်းပိုင်းရှိ တံတားများကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးထားသည်။

လက်ရှိတွင် စစ်ကောင်စီ၏ နောက်ဆုံးကျန်ရှိနေသည့် မောင်ရွှေလေးရေတပ်စခန်းကို AA က အပြင်းအထန် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီက ရရာနည်းဖြင့် ခုခံ တိုက်ခိုက်နေရကြောင်း သိရသည်။

ပုံစာ -မောင်ရွှေလေးရေတပ်စခန်းနှင့် ရခိုင်သို့စစ်ကူ ပို့ဆောင်နေသည့်ပုံ (ပုံဟောင်း)
#ရခိုင် #သံတွဲ #မောင်ရွှေလေး #ရေတပ်စခန်း #AAထိုးစစ်ဆင် #Ayeyarwaddy_Times