ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့ခန့်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေကို ယမန်နေ့ ဇူလိုင် ၂၂ ရက်နေ့မှာ ကျန်းမာရေး အကြောင်း ပြချက်နဲ့ ဖယ်ထုတ်ခဲ့ပြီး ယာယီသမ္မတရာထူးကို စစ်ခေါင်းဆောင်က လွှဲပြောင်း ရယူခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံတော်ဝန်ကြီး ချုပ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူးနဲ့ သမ္မတရာထူးတွေကိုပါ တစ်ပြိုင်နက်တည်း ရယူလိုက်သူ ဖြစ်လာပြီး ၆ လတစ်ကြိမ် နှုန်းနဲ့ ငါးကြိမ်တိုင်တိုင် တိုးမြှင့် ရယူထားတဲ့ ၎င်းရဲ့ အာဏာသက်တမ်းကလည်း အခု ဇူလိုင်လကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

လက်ရှိမှာ ကာချုပ် ရာထူးအပြင် ယာယီသမ္မတ ရာထူးကိုပါ ထပ်ယူလိုက်တဲ့ စစ်ခေါင်းဆောင်ကြောင့် မြန်မာ့နိုင်ငံရေး အခြေအနေက ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ၊ အာဏာထိန်းတယ်ဆိုတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တကယ်အာဏာ သိမ်းလိုက်ပြီလား။

အဲ့ဒီ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာ့အရေး လေ့လာသူ၊ ဥပဒေပညာရှင်နဲ့ စစ်ဘက်ဆိုင်ရာ CDM အရာရှိတွေရဲ့ အမြင်သုံးသပ်ချက်တွေက ဘယ်လိုရှိနေမလဲဆိုတာ သိရှိရဖို့အတွက် ဧရာဝတီတိုင်းမ် သတင်းဌာနရဲ့ အကြီးတန်း သတင်းထောက် နိုင်မင်းလွင်က ဆက်သွယ်မေးမြန်းထားပါတယ်။

♦️တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော

မင်းအောင်လှိုင်က ဘာမှဂရုမစိုက်တော့ဘူး။ သူကတော့ တောင်ဆင်းလမ်းကို ဆင်းနေပြီ။ ဒီရာထူး ယူပြီးရင် ဒီရာထူးက သက်ဆိုးလည်း မရှည်နိုင်ပါဘူး။ ကျွန်မတို့ကတော့ ကိုယ့်နိုင်ငံရေး အခြေအနေကို ကိုယ်ဆက်လုပ်ဖို့ပဲ။ ပြည်သူလူထုက ပိုပြီးတော့ တက်ကြွလာစရာ ရှိတယ်။ ပိုပြီးဆက်ပြီးတော့ တိုးစရာပဲရှိတယ်။ သူကလည်း ကြည့်ရတာ သေမှပဲ ရာထူးစွန့်လွှတ်မယ်နဲ့ တူတယ်။

===================

♦️တပ်မတော်သား CDM ဗိုလ်ကြီး ညီသုတ

မင်းအောင်လှိုင် သမ္မတနေရာကို ယူလိုက်တာက စစ်တပ်က ရေးဆွဲထားပါတယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုတောင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီးတော့ နောက်ထပ် ရာဇဝတ်မှုတစ်ခုကို ထပ်ပြီးတော့ ကျူးလွန်လိုက်တာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ပြောရရင် အာဏာထပ်ပြီးတော့ သိမ်းလိုက်တဲ့ သဘောပါပဲ။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း အခုလိုမျိုး ကာချုပ်ကို သမ္မတပေးတဲ့ အခွင့်အာဏာ တိုက်ရိုက်ပေးထားတာမျိုး မရှိဘူး။ ဒါကို သိသိကြီးနဲ့ ချိုးဖောက်လိုက်ပဲ ဖြစ်ပါတယ်။

==================

♦️တရားလွှတ်တော်ရှေ့နေ စောဘဦးလေး

NLD ဆီကနေ သမ္မတ နေရာကို တောင်းလို့မရတဲ့အခါ ၂၀၀၈ ခြေဥပါ ပြဋ္ဌာန်းချက်တွေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ပြီး နိုင်ငံတော်ရဲ့ အာဏာသုံးရပ်ကို ဗြောင်ကျကျ ဓားပြတိုက် သိမ်းယူခဲ့တာပါ။ စစ်ကောင်စီရဲ့ ပြောရေး ဆိုခွင့်ရှိသူက သူတို့ ဓားပြတိုက် အဏာစသိမ်း ကတည်းကနေ မနေ့ကအထိ ပြောနေတဲ့ ခြေဥပါပြဋ္ဌာန်းချက်တွေနဲ့ အညီဆိုတာက ဘယ်ပုဒ်မပါ ဘယ်လို ပြဋ္ဌာန်းချက်တွေနဲ့ ဘယ်လောက်အထိ ညီနေသလဲလို့ပဲ ကျွန်တော် မေးခွန်း ပြန်ထုတ်ရတော့မှာပဲ။

ထောက်ပြရရင် ၂၀၀၈ ခြေဥ အခန်း ၁၁၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များပါ အရေးပေါ်ကာလနဲ့ သက်ဆိုင်တဲ့ ကြေညာပိုင်ခွင့်ရှိတဲ့ အခွင့်အာဏာနဲ့ စစ်ဦးချုပ်ထံ အာဏာလွှဲပြောင်းပေးပိုင်ခွင့်က သမ္မတတစ်ဦးတည်းမှာပဲ ရှိတာပါ။ အားလုံးသိကြတဲ့အတိုင်း ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးမှ ကာလုံခေါ်တယ်။ လွှဲပြောင်းရယူပြန်တော့လည်း စစ်တပ်စော် မွှန်နေအောင် နံစော်နေတဲ့ ဒုသမ္မတကနေ ယာယီသမ္မတဖြစ်သွားတဲ့ ရုပ်သေးရုပ် မြင့်ဆွေဆီကဆိုတော့ စကတည်းက ယဉ်သကိုး အခြေအနေလို့ပဲ မှတ်ချက်ပြုပါရစေ။

===============

♦️နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး

သူက အာဏာထိန်းတယ်၊ အာဏာသိမ်းတယ် ဆိုတဲ့ဟာရဲ့ နဂိုမှာတည်းကိုက ကျွန်တော်တို့ သိထားတဲ့ဥစ္စာ။ သူ့အနေနဲ့ ပင်စင်(အသက်) သတ်မှတ်ချက် တိုးမြှင့်တယ်ဆိုတဲ့ဟာ တွေ့ရတယ်။ ပြီးတော့ ခေါင်းဆောင်ရာထူးကို ဆက်ပြီးယူထားချင်တယ် ဆိုတဲ့ဟာလည်း သူပြောထားတယ်လေ။ ဒီလိုအမြင့်ဆုံး နေရာကို သူရလိုတဲ့ အတွက်ကြောင့် တောက်လျှောက်ဖြစ်လာတယ်။ ဒီအခြေအနေ ရောက်လာတယ်ဆိုတဲ့ သဘောပါပဲ။

==================

♦️ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်း

သမ္မတက နောက်တစ်ယောက်ကို သမ္မတရာထူး အပ်တယ်ဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ဘယ်အခန်းမှာမှ မပါဘူး။ သူတို့လုပ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကလည်း ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှာ သတ်မှတ်ထားတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ အံဝင်ခွင်ကျမှု မရှိခဲ့ဘူး။ အခုသူ့လက်ထဲမှာ အာဏာအကုန် ရောက်သွားတယ်ပေါ့။

အဲဒီလုပ်ပိုင်ခွင့်တွေကို သုံးပြီးတော့ သူဘယ်လို ဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ရမယ့် သဘောရှိတယ်။ အမျိုးသား ရင်ကြားစေ့ရေးတို့၊ ပြီးတော့ တိုင်းရင်းသားတွေ လိုချင်နေတဲ့ ဖက်ဒရယ်တို့ အဲဒါမျိုးတွေ သူလုပ်လာမလား၊ ဒါမှမဟုတ် အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို ဆက်ပြီးတော့ လုပ်နေမယ်ဆိုရင်တော့ နိုင်ငံရဲ့ အနာဂတ်က ပိုပြီးဆိုးဝါးသွားလိမ့်မယ်။

#စစ်ခေါင်းဆောင်မင်းအောင်လှိုင် #အာဏာထိန်း #အာဏာသိမ်းလိုက်ပြီလား #Vox_Pop #Ayeyarwaddy_Times