
ဧရာဝတီတိုင်းမ်
(မိုးကုတ်)၊ ဇူလိုင် ၂၃ ရက်
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်အရှေ့ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးအပိုင်း-၂၊ ၂၉ ရက်မြောက်တိုက်ပွဲအနေဖြင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၉ ဦးကို ဖမ်းဆီးရမိကာ အလောင်း ၁၆ လောင်းကို သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ ဇူလိုင် ၂၃ ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကထုတ်ပြန်ထားသည်။
မိုးကုတ်အရှေ့ပိုင်း ချမ်းသာကြီးဘုရား၌ ယနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သုံ့ပန်း ၁၉ ဦး ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး သေနတ်တစ်လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် မစိုးရိမ်ကျောင်းတိုက်ရှိ စစ်ကောင်စီတပ်သားများထံမှလည်း သေနတ် ၁၆ လက်၊ RPG တစ်လက်၊ ၆၀မမ လက်နက်ကြီး တစ်လက်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အလောင်း ၁၆ လောင်းကို သိမ်းဆည်းရမိထားကြောင်း TNLA က ထုတ်ပြန်ထားသည်။
TNLA ပူးပေါင်းတပ်ဖွဲ့များသည် မိုးကုတ်မြို့ရှိ ရတနာကြေးမုံကျောင်း နှင့် ကုလားကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များအပြင် မိုးကုတ်မြို့ (အရှေ့ပိုင်း) ရဲစခန်းတွင် တပ်စွဲထားသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ(၇၁/၈၈) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့တွင်းတိုက်ပွဲများကို တအာင်းတပ်မတော် (TNLA) ၊ PDF(ပကဖ)၊ PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
မိုးကုတ်မြို့တွင် နှစ်ဖက်တိုက်ပွဲများပြင်းထန်နေပြီး ယမန်နေ့ ဇူလိုင် ၂၂ ရက်နေ့ကလည်း မိုးကုတ်အရှေ့ပိုင်းရှိ အချုပ်ထောင်စခန်းကို TNAL ပူးပေါင်းအဖွဲ့များက စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ လောင်းနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – TNLA
#မိုးကုတ်အရှေ့ပိုင်း #တိုက်ပွဲ #TNLA #PDF #စစ်သုံ့ပန်း #အရှင်ဖမ်းဆီးရမိ #Ayeyarwaddy_Times