ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်
ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိပြီး ရန်သူ့အလောင်း ၅၄ လောင်းနှင့် စစ်သုံ့ပန်း ၄၀ ကိုပါ ဖမ်းဆီးရမိထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်မှ ၂၂ နေ့အတွင်း TNLA ၊ PDF (ကျောက်မဲခရိုင်) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်မ (၁၁) လက်အောက်ခံ ခလရ -၂၀၂ ၊ ခလရ- ၂၀၃ တို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီ တပ်စွဲထားသည့် နမ့်ဆီလင်းဘုန်းကြီးကျောင်း၊ အေးရှားဝေါတိုးဂိတ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထိုသို့တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ MA-1 ၂၆ လက်၊ MA-3 ၁၆ လက်၊ MA-4 လေး လက်၊ MA11 ၁၂ လက်၊ MA2 ၁၀ လက် ငကျည်းမီး တစ် လက်၊ 45MM နှစ် လက် 120MM တစ်လက်နှင့် စစ်အသုံးအဆောင်ပစ္စည်း ၈၅ လက် သိမ်းဆည်း ရမိပြီး စစ်သုံ့ပန်းများကိုပါဖမ်းဆီးရမိခဲ့ကြောင်း TNLA က ယနေ့ ဇူလိုင် ၂၃ ရက်ညပိုင်းတွင် ထုတ်ပြန် ထားသည်။
ယနေ့ ဇူလိုင်လ ၂၃ ရက် ၄ နာရီခွဲအချိန် မိုးကုတ်မြို့ ချမ်းသာကြီးရွာ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်ထံမှ သေနတ် တစ်လက်၊ စစ်သုံ့ပန်း ၁၉ ဦး ဖမ်း ဆီးရမိခဲ့ပြီး မစိုးရိမ်ကျောင်းတိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများထံမှ သေနတ် ၁၆ လက်၊ RPG တစ်လက်၊ ၆၀မမ တစ်လက်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ရုပ်အလောင်း ၁၆ လောင်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် မိုးကုတ်မြို့နယ်ရှိ ရတနာကြေးမုံကျောင်းနှင့် ကုလားကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို TNLA နှင့် PDF(ပကဖ) ပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်ရာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- TNLA
#ရှမ်းမြောက် #ကျောက်မဲ #မိုးကုတ် #TNLA #PDF #စစ်ကောင်စီ #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times