
ဧရာဝတီတိုင်းမ်
(အင်းစိန်)၊ ဇူလိုင် ၂၂ ရက်
စစ်ကောင်စီသည် ယမန်နေ့ ဇူလိုင် ၂၁ ရက်နေ့ နံနက် ၄ နာရီ ဝန်းကျင်က ရန်ကုန်တိုင်း၊ အင်းစိန်ထောင်မှ နိုင်ငံ ရေးကျဉ်းသားများအပါအဝင် အကျဉ်းသားရာနှင့်ချီကို ဒိုက်ဦးထောင်နှင့် သာယာဝတီ ထောင်များသို့ ထောင်ပြောင်းရွှေ့မှုပြုလုပ်ခဲ့ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) ထံက သိရသည်။
အင်းစိန်ထောင်မှ အကျဉ်းသားများကို ထောင်ပြောင်းရွှေ့ရာတွင် နိုင်ငံရေးအကျဉ်းသားများကို ဒိုက်ဦးအကျဉ်းထောင်သို့ ဦးစားပေးထောင်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး အကျဉ်းသား ၂၀၀ နှင့် အကျဉ်းသူ ၆၀ ဦးတို့ပါဝင်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူရာနှင့်ချီကို ထောင်ပြောင်းရွှေ့မှု ပြုလုပ်နေ ခြင်းသည် အကျဉ်းဦးစီးဌာန၏ စစ်ဆင်ရေးတစ်ရပ်အနေဖြင့် အကွက်ချစီမံထားသည့် ထောင်ပြောင်းမှု များ ဖြစ်ကြောင်း PPNM ထံက သိရသည်။
“ဇွန် ၁၉ ရက်နေ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကနေစပြီး လာမယ့် ဩဂုတ် ၈ ရက်နေ့ (၈၈၈၈)အထိ အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေ ထောင်တွင်း လှုပ်ရှားမှုတွေ ပြုလုပ်တာမျိုးမဖြစ်ပေါ်အောင် လူစုခွဲနေတာ ဖြစ်ပါတယ်။ သူတို့ဘယ်လောက်ပဲ ထောင်ပြောင်းလုပ်လုပ် ရောက်တဲ့အကျဉ်းထောင်တိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ ပြည်သူနဲ့ အတူ လှုပ်ရှားမှုတွေကို အမြဲလှုပ်ဆောင်သွားမှာဖြစ်တယ်ဆိုတာ အကျဉ်းဦးစီးဌာနကို ပြောချင်ပါတယ်” ဟု PPNM မှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် သာယာဝတီအကျဉ်း ထောင်သို့လည်း ထောင်ပြောင်းရွှေ့မှုပြုလုပ်ခဲ့ပြီး အကျဉ်းသူ၊ အကျဉ်း သားမည်မျှ ပြောင်းရွှေ့သွားကြောင်းကိုမူ အတိအကျသိရခြင်း မရှိသေးကြောင်း PPNM က ဆိုသည်။
သို့သော် သာယာဝတီ ဒေသခံများကမူ ရန်ကုန်ဘက်မှဝင်လာသည့် လုံခြုံရေးယူလာသည့် ခရီးသည် တင်ကား ခုနစ်စင်းကို တွေ့ရပြီး ကားပေါ်တွင် လိုက်ကာများချထားကာ လွတ်နေသည့်နေရာများမှ ထောင်ဝတ်စုံဟုယူဆရသည့် ဝတ်စုံများဝတ်ဆင်ထားသူများပါလာကြောင်း ပြောဆိုထားသည်။
စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသား ပြောင်းရွှေ့မှုများကို ယခုလပိုင်းများအတွင်း မကြာခဏလုပ် ဆောင် နေခြင်းဖြစ်သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန် ၁၅ ရက်နေ့တွင် ကျိုက်မရောအကျဉ်းထောင်နှင့် အိုးဘို အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၁၇၀ ကျော်ကိုလည်းကောင်း၊ ဇွန် ၂၃ ရက်နေ့ နှင့် ယခု ဇူလိုင် ၂၁ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသားရာနှင့်ချီကိုလည်းကောင်း ထောင်ပြောင်းရွှေ့ မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – အင်တာနက်
#အင်းစိန်ထောင် #ထောင်ပြောင်း #စစ်ကောင်စီ #နိုင်ငံရေးအကျဉ်းသား #ဒိုက်ဦးထောင် #သာယာဝတီထောင် #Ayeyarwaddy_Times