ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်

ရန်ကုန်မြို့တွင်ဖြစ်ပွားနေသော ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်မှု လေးပတ်ကျော်ရှိလာချိန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ နည်းပါးလာပြီး ယမန်နေ့ ဇူလိုင် ၂၁ ရက်နေ့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ (ကာလဝမ်းရောဂါ) ဖြစ်ပွားသူမရှိကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၂၁ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၄၈ ဦးရှိပြီး ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ( ကာလဝမ်းရောဂါပိုး) ဖြစ်ပွားသူမရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယခုတစ်ပတ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ဆက်လက်ကျန်ရှိနေသော်လည်း လျော့ကျ လာနေပြီး ဇူလိုင် ၁၆ ရက်မှ ၂၁ ရက်နေ့အထိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၃၆၂ ဦးရှိခဲ့ကာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ကာလဝမ်းရောဂါ) ဖြစ်ပွားသူ ၃၆ ဦးရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၆ ရက်မှ ၁၅ ရက်နေ့အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ၇၈၂ ဦးရှိခဲ့ပြီး ယင်းတို့ထဲမှကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၁၁၁ ဦး ရှိခဲ့သည်။

” ဈေးတွေမှာ အသုပ်ဆိုင်တွေဖွင့်နေတာ‌တွေ စားနေတာတွေတော့ရှိတယ်။ မိုးတွင်းလည်းဖြစ်တော့ ဂရုစိုက်တာကောင်းပါတယ်။ စိုစွတ်တဲ့ရာသီဆိုတော့ ရောဂါပိုး‌ပေါတယ်။ ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် ဂရုစိုက်‌စားသောက်ရမယ် ” ဟု ကျန်းမာရေးဝန်ထမ်းဟောင်း အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရန်ကုန်မြို့ရှိ ဈေးများအတွင်း အသုပ်စုံဆိုင်များ၊ ဒုတ်ထိုးဆိုင်များ၊ အသီးအနှံများကို အခွံခွာ ရောင်းချသည့်ဆိုင်များ အပါအဝင် ယင်နားစေနိုင်သော အခင်း အကျင်းရှိ ဆိုင်များရောင်းချလျက်ရှိပြီး ကူးစက်မြန် ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်ခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် အဆိုပါ ဆိုင်များကိုပိတ်သိမ်းရန်ညွှန်ကြားခဲ့ပြီး ယခုအခါတွင် ပြန်လည်ဖွင့်လှစ်ထားကြောင်း သိရသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသခဲ့ရသော လူနာများထဲမှ လူနာ ၇၀၀ နီးပါး ဆေးရုံဆင်းရပြီး ကျန်လူနာအားလုံး၏ အခြေအနေသက် သာကောင်းမွန်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

စစ်‌ကောင်စီက ရန်ကုန်မြို့အတွင်းရှိ လူစည်ကားရာနေရာများ၊ ဈေးများနှင့် လူနာတင်ယာဉ်များ အပါအဝင် နယ်မြို့များတွင် ဝမ်းပျက်ဝမ်းရောဂါဂာာကွယ်ရေးနည်းလမ်းများအကြောင်း ပိုစတာကပ်၍ အသိပညာပေးမှုများလုပ်ဆောင်နေကြောင်းသိရသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရန် ကာကွယ်ရာတွင် လက်ကိုဆပ်ပြာဖြင့်သေချာဆေးရန်၊ သောက်သုံးရေကျိုချက်သောက်ရန်၊ အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများကို သေချာစွာစွန့်ပစ်ရန်အပါအဝင် အစားအသောက်ကိုသန့်ရှင်းစွာကိုင်တွယ်ရန်နှင့် ယင်နားစာမစားခြင်းတို့ဖြင့် ကြိုတင်ကာကွယ် နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်

ပုံစာ – ရန်ကုန်မြို့ သခင်မြပန်းခြံရှိ အများပြည်သူသုံးသန့်စင်ခန်းရှေ့တွင် ရောင်းချ‌‌နေသည့်အသုပ်ဆိုင်

#ကာလဝမ်းရောဂါ #ဝမ်းပျက်ဝမ်းလျှောရောဂါ #ဖြစ်ပွားသူလျော့နည်း #ကာလဝမ်းရောဂါပိုး #ရန်ကုန် #Ayeyarwaddy_Times