အယိုက်လင်း/ ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားက စစ်ကောင်စီ၏ တပ်စခန်းသုံးခုကို တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော် (CNF/CNA) ပြောခွင့်ရ ဆလိုင်းထက်နီထံက သိရသည်။

ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ မနက်အစောပိုင်းက ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်သော ချင်းပြည်အစိုးရ လက်အောက်ရှိ ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက် သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။

ဟားခါးမြို့နှင့် ထန်တလန်မြို့မှ စစ်ကောင်စီတပ်ဖွဲ့များ အဆက်သွယ်ပြတ်တောက်ရန်အတွက် မြို့နှင့် မိုင် ၂၀ အကွာတွင်ရှိသည့် စစ်ကောင်စီ တပ်စခန်းလေးခုကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စခန်းလေး ခုရှိသည့်အနက် စခန်း သုံးခုကို ချင်းပြည်အစိုးရ ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က သိမ်းပိုက်ရရှိထားပြီး နယ်မြေရှင်းလင်းရေးတွင် လုပ်ဆောင်ကာ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲက ဖြစ်နေဆဲပါ။ စခန်းသိမ်း တိုက်ပွဲတွင်းစစ်ကောင်စီဘက်က လက်ခဲယမ်းတွေ သိမ်းဆည်းရမိသလို စစ်သုံ့ပန်းတွေကိုလည်း ဖမ်းဆီးမိတာရှိပါတယ်။ အဲ့ဒီ စခန်းတွေက စစ်ကောင်စီအတွက် ရိက္ခာလမ်းကြောင်းတွေ၊ ဆက်သွယ်ရေးလမ်းကြောင်းတွေ၊ စစ်ရေးအရအရေးပါတဲ့ စခန်းတွေဖြစ်တယ်” ဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲတွင်း ဟားခါးအခြေစိုက် စစ်ကောင်စီ၏ တပ်စခန်းများမှ လက်နက်ကြီးများ ပစ်ကူပေးသည့်အတွက် ချင်းကာကွယ်ရေးပူးပေါင်းတပ်က ရဲဘော်အချို့ ထိခိုက်မူရှိကြောင့် သိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ဟားခါးမြို့မရဲစခန်းကို CDF(ဟားခါး)မှ ဝင်ရောက်စီးနင်းပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် လေးဦး သေဆုံးကာ သေနတ် ၂၂ သိမ်းဆည်းရပြီး အကျဥ်းသား ၆၀ ကျော် ကယ်ထုတ်နိုင်ခဲ့သည်။

ပုံစာ- ဇူလိုင်လ ၂၀ ရက်နေ့က ဟားခါး မြို့မရဲစခန်းမှ သိမ်းဆည်းရမိသည့် လက်နက်များကို တွေ့ရစဥ်။(ပုံအဟောင်း)
#ဟားခါးထန်တလန် #စစ်ကောင်စီ #တပ်စခန်း၃ခု #သိမ်းပိုက်ရရှိထား #စစ်သုံ့ပန်းနှင့် #လက်နက်ခဲယမ်းများရရှိ #Ayeyarwaddy_Times