
ဧရာတီတိုင်းမ်
ဇူလိုင် ၂၂ ရက်
စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင့်ဆွေကို ကျန်းမာရေးအခြေအနေအရ ဆေးကုသမှုခံယူရန်ဟုဆိုကာ ၎င်း၏ ယာယီသမ္မတရာထူးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိမ်းယူလိုက်ကြောင်း သိရသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ် များကို စီစဉ်ဆောင်ရွက်ရန်အလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ လွှဲအပ်လိုက်ကြောင်း ယနေ့ ဇူလိုင် ၂၂ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက ယာယီသမ္မတအဖြစ် သတ်မှတ်ထားသူ ဦးမြင့်ဆွေသည် တိုင်းပြည် တာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် ကျန်းမာမှု မရှိတော့သည့်အပြင် နေ့စဉ်စားသောက်မှု လုပ်ငန်း ဆောင်တာများကို လုပ်ဆောင်နိုင်ခြင်းမရှိတော့ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်ကောင်စီက တရားဝင်ကြေညာချက်ထုတ်ခဲ့သည်။
နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များကို ဆောင်ရွက်ရန်အလို့ငှာ ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ယူ၍ တာဝန်ဝတ္တရားများ ဆောင်ရွက်ရန် ပျက်ကွက်နေစဉ်နှင့် ယာယီသမ္မတတာဝန် လစ်ဟင်းနေစဉ်ကာလတို့တွင် ယာယီသမ္မတတာဝန်ဝတ္တရားများကို စစ်ခေါင်းဆောင်က လွှဲပြောင်းရယူ၍ဆောင်ရွက်မည်ဖြစ် ကြောင်း စစ်ကောင်စီ၏ ယာယီသမ္မတရုံးမှ အကြောင်း ကြားစာပေးပို့လာကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ အကြောင်းကြားစာပေးပို့ပြီး ယနေ့ ဇူလိုင် ၂၂ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင် ရာကိစ္စများအလိုငှာ ယာယီသမ္မတ တာဝန်ဝတ္တရားများကို စစ်ကောင်စီဥက္ကဋ္ဌထံ လွှဲပြောင်းအပ်နှံခြင်းအား လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်အနေဖြင့် ယခုလာမည့် ဇူလိုင်လကုန်တွင် ၆ လတစ်ကြိမ် အာဏာသက်တမ်းတိုးမှု ပြန်လည် ပြည့်ပြီဖြစ်သည်အတွက် ယာယီသမ္မတဟု ၎င်းတို့သတ်မှတ်ထားသူ ဦးမြင့်ဆွေကို ဆေးကုသမှုခံယူနေရသည်ဟု အကြောင်းပြပြီး သမ္မတရာထူးကို ရယူခဲ့ခြင်းဖြစ်သည်။
ဖော်ပြပါစာအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံသို့ ယာယီသမ္မတရာထူးနှင့်တာဝန်ကို လွှဲပြောင်းပေးသည်ဟုဆိုသည့်အတွက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရာထူးနှင့် သမ္မတရာထူးတို့ကို တစ်ပြိုင်နက်တည်း ရယူထားသူဖြစ်လာသည်။
#စစ်ကောင်စီ #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #သမ္မတရာထူးရယူ #Ayeyarwaddy_Times