ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဇူလိုင် ၂၁ ရက်)
အခုလို မိုးအေးအေးကာလနဲ့ ဆောင်းရာသီချမ်းချမ်းစီစီး ကာလတွေမှာဆို ရင်ကျပ်ပြီး အသက်ရှူရ ခက်တာကို ကြုံဖူးကြသူတွေ ရှိကြမှာပါ။
ပန်းနာရင်ကျပ်ရောဂါ(Asthma)
ပန်းနာရင်ကျပ်ဆိုတာ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပါတယ်။ လေပြွန်ငယ်ရောင်ရမ်းပြီး လေအဝင်ကို လျော့နည်းပိတ်ဆို့စေတာမို့ အသက်ရှုကျပ်ခြင်း ကို ဒုက္ခတစ်ခုလို ခံစားရပါတယ်။
မြောက်မြားစွာသော ကလေးငယ်တွေက အဆုတ်အေးပတ်တဲ့အခါ လေပြွန်ရောင် လေပြွန်ကျဉ်းပြီး ပန်းနာရင်ကျပ်ခြင်းအပါအဝင် ပုံစံတူရောဂါတွေကို ခံစားနေရပါတယ်။ ပန်းနာရင်ကျပ်ရောဂါ သဘောသဘာဝကိုကအသက်ရှူလမ်းကြောင်းရောင်ရမ်းခြင်း၊ အသက်ရှူဝင်သက်ထွက်သက်ကို ပိတ်ဆို့ခံရခြင်း၊ လေပြွန်လွန်လွန်ကဲကဲ တုံ့ပြန်ခြင်း ကြောင့်ထိခိုက်ခြင်း ဆိုတာတွေကို တွေ့ကြရပါတယ်။
အသက်ရှူနေစဉ်မှာ တရွှီရွှီမြည်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခြင်း၊ ရင်ဘတ် အောင့်ခြင်းတွေက ရောဂါလက္ခဏာတွေပဲဖြစ်ပါတယ်။
ပန်းနာရင်ကျပ်အမောဖောက်ခြင်းကိုကာကွယ်ဖို့
ပန်းနာရင်ကျပ် အမောဖောက်ခြင်းကို ကာကွယ်ဖို့အတွက် ပန်းနာရင်ကျပ်ကြွစေတဲ့ အကြောင်းရင်း ခံတွေဖြစ်ကြတဲ့ “စား ရှူ ထိတွေ့ ” ဓာတ်မတည့်ခြင်းခြင်းတွေကို သတိထားဖို့လိုအပ်ပါတယ်။ မြေပဲစားမိလို့ပြင်းထန်တုံ့ပြန်ခြင်းတွေဖြစ်ရခြင်း၊ မီးခိုးငွေ့ ရှူမိလို့ရင်ကျပ် အသက်ရှူမရဖြစ်ခြင်း၊ ဖုန်မှုန့်တွေထိတွေ့မိလို့ဓာတ်မတည့်ဖြစ်ရခြင်း စတဲ့ ကိုယ်နဲ့မတည့်တာတွေ ကိုလည်း ရှောင်ကြရပါမယ်။
ဖုန်မှုန့်၊ ပန်းဝတ်မှုန်၊ ပိုးဟပ်၊ မှိုနဲ့ လှေးလိုသေးငယ်တဲ့ပိုမွှားတွေ၊ တိရစ္ဆာန်အမွေးတွေ၊ ခြေသုတ်ဖုံ၊ အိပ်ယာခင်း၊ ခန်းစီးလိုက်ကာ စတာတွေကို ထိတွေ့တဲ့အခါ ဆင်ခြင် ရပါမယ်။ စားသမျှ၊ ရှူမိသမျှ၊ ထိတွေ့သမျှတွေကို ဂရုစိုက်ရပါမယ်။
ဆေးဝါးနှင့်ရှူဆေး
ပန်းနာရင်ကျပ်ကို ထိန်းချုပ်ပေးတဲ့ဆေးဝါးတွေ? ပန်းနာရင်ကျပ်ကိုသက်သာစေတဲ့ ဆေးဝါးတွေနှင့် ကုသကြရပါတယ်။ လေပြွန်ကျယ်ဆေးဝါး၊ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ ဆေးဝါး၊ စတီးရွိုက်နှင့် ဂေါက်တံ-ရှူဆေးများ၊ ချွဲပျော်ဆေးများသုံးကာ ကုသရပါတယ်။
ဆေးဝါးနဲ့ ကုသတဲ့အခါမှာလည်း ရောဂါအဆင့်အလိုက် သတ်မှတ်ထားတဲ့ ဆေးဝါး အတိုးအလျော့လုပ်ပြီး ကုသရပါတယ်။ ဆရာဝန်အသိုင်းအဝိုင်းမှာ ပန်းနာရင်ကျပ်ခြင်းကို နိုင်နိုင်နင်းနင်း ကုသပေးနိုင်သူတွေ သိပ်မများကြပါဘူး။ နည်းမှန်မှန်ကုသပေးသူ ဆရာဝန်တွေကလည်း Step1 မှ Step5 မည်သည့်အဆင့်ဖြင့် ကုသပေးနေရကြောင်း လူနာကို ရှင်းပြပေးသင့်ပါတယ်။
ပန်းနာရင်ကျပ်လူနာအနေဖြင့်လည်း မိမိရောဂါအခြေအနေ ကုသနေရတဲ့ဆေးဝါးများ အကြောင်းသဘောပေါက် နားလည်ထားဖို့ လိုအပ်တဲ့အပြင် ခြောက်လ တစ်နှစ်စာ ဆေးဝါးများ ပြင်ဆင် စုဆောင်းထားသင့်ပါတယ်။
မြန်မာနိုင်ငံမှာ Ventolin inhaler , Ipravent inhaler ဆေးရှူဂေါက်တံတွေ ပြတ်လပ်လျက်ရှိနေတာကြောင့် လူနာတွေမှာ အသက်ရှူကျပ်လျက်ရှိနေပါတယ်။ ရွှေတွေ၊ ငွေတွေ ပုံပေးနေလည်း ဆေးဝါးက မရနိုင်ဘဲ ဒုက္ခရောက်နေရတာက ငရဲပါပဲ။
ဗိုင်းရပ်ပိုးဝင်ခြင်းကြောင့် အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါဖြစ်ခဲ့သူတွေ GERD လို့ခေါ်တဲ့ အစာအိမ်-အစာရေမြို အစာချဉ်ပြန်ရောဂါရှိသူတွေ၊ နာတာရှည် ထိပ်ခတ်နာ ရောဂါ၊ နာတာရှည်နာပိတ်နှာစေးနှာရည်ယိုရောဂါ ခံစားနေကြရသူတွေ၊ အဝလွန်နေ သူတွေ၊ မီးခိုးနဲ့ထိတွေ့နေရသူတွေ၊ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှုနေရသူတွေ၊ ဓာတုပစ္စည်း တွေနဲ့ ထိတွေ့နေရသူတွေ၊ လေထုညစ်ညမ်းခြင်းဒဏ်ခံနေရသူတွေ၊ ပရိဘောဂ အရောင်တင် လုပ်ငန်းလုပ်ကိုင်သူတွေ၊ ဆေးဝါးမတည့်ခြင်းဖြစ်စဉ်ကြုံရသူတွေ၊ မိဘမျိုးရိုးရှိသူတွေ၊ ပန်း၊ နံ့သာ၊ အမွှေးဆီ၊ အမွှေးတိုင်၊ မြေဖြူမှုန့်၊ ထုံးမှုန့်၊ ဘိလပ် မြေမှုန့်စတာတွေနဲ့ လုပ်ငန်းသဘောအရထိတွေ့နေရသူတွေမှာ ပန်းနာရင်ကျပ်ယှဉ်တွဲပြီး ဖြစ်လာတတ်ပါတယ်။
စိတ်ညစ်နေသူ စိတ်ဖိစီးခံစားနေရသူတွေမှာလည်း အသက်ရှူကျပ်ခြင်းပြဿနာ ဖြစ်ပေါ်တက်ပြီး ပန်းနာ ရင်ကျပ်ခြင်းပါ ယှဉ်တွဲဖြစ်လာတတ်ပါတယ်။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ခြင်းကြောင့်လည်း အသက်ရှုကျပ် ပန်းနာကိုကြုံတွေ့ဖူးတာတွေ ရှိပါတယ်။
ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်က ဆေးလိပ်သောက်ခြင်း ၊ နေ့လမစေ့ဘဲ ကလေးစော မွေးခြင်း ၊ မိခင်အသက်ကြီးရင့်ခြင်း တို့ကြောင့်မွေးလာတဲ့ကလေးမှာ ပန်းနာရင်ကျပ် ရောဂါပါလာတတ်ပါတယ်။
ကလေးငယ်နဲ့ပန်းနာရင်ကျပ်
ကလေးလေးတွေမှာ ချောင်းဆိုး၊ ချွဲထ၊ ရင်ကျပ်နေပါက မိဘတွေစိတ်ပူကြပါတယ်။ ပန်းနာရင်ကျပ်ခြင်း၊ ချွဲထခြင်း၊ တုပ်ကွေးမိဖျားနာခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း ဓာတ်မတည့်ခြင်းတွေကို တွေးပြီးစိတ်ပူတတ်ကြပါတယ်။
အဆုတ်ကနေ လေအဝင်အထွက် ခက်သွားတာကြောင့်လည်း ကလေးငယ်တွေမှာ တအီအီခံနဲ့ ရင်ကျပ်ခြင်းဝေဒနာကို အလူးအလိမ့်ခံစားရတတ်ပါတယ်။
ကလေးငယ် ပန်းနာရင်ကျပ်ခြင်းကို ကလေးအထူးကုဆရာဝန်နဲ့ စနစ်တကျကုသပေးဖို့ လိုအပ်ပါတယ်။ ကလေးဘဝမှာဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါက အရွယ်ရောက် သွားတဲ့အခါ ပျောက်ကင်းသွားတာရှိတတ်သလို အချို့တွေမှာတော့နာတာရှည် ပန်းနာ ရင်ကျပ်ရောဂါ အသွင်ပြောင်းသွားတတ်ပါတယ်။
ရုတ်တရက်ပြင်းပြင်းထန်ထန် ပန်းနာရင်ကျပ်ထဖောက်ခြင်း (Acute Asthma Attack)
ကလေးမှာပဲဖြစ်ဖြစ်၊ အရွယ်ရောက်လူကြီးမှပဲဖြစ်ဖြစ် ရုတ်တရက်ပြင်းပြင်းထန်ထန် ပန်းနာရင်ကျပ် ထဖောက်လာပါက အသက်အန္တရာယ်ရှိပါတယ်။ အသက်ရှူသံ တရွှီရွှီမည်ပြီး မကုဘဲထားပါက ပြာနှမ်းခြင်းနှင့်အတူ အောက်စီဂျင် ပြတ်လပ်ပြီး သေဆုံးနိုင်ပါတယ်။
ဒါကြောင့် လူနာကို နေရာချပါ။ မောပန်းရင်ကျပ်နေသူကို စကားပြောဖို့ ဖိအားတွေမပေးပါနဲ့။ အများကြီးမမေးဘဲဆေးရှူစက်မှာ လေပြွန်ကျယ်ဆေးရည်ကို အငွေ့ထွက်စေပြီး ဆေးရှူရပါမယ်။ အောက်စီဂျင်အိုး ပေးရှုထားပြီး အရေးပေါ် ကုသမှုတွေနဲ့အတူ အနီးစပ်ဆုံးဆေးရုံကို လွှဲပေးဖို့လိုအပ်ပါလိမ့်မယ်။
မြန်မာပြည်သူတွေအားလုံးဟာ အသက်ရှူကျပ်ခြင်းဝေဒနာကို ကိုဗစ်ကမ္ဘာကပ် ရောဂါကြီးမှာ ကြုံတွေ့ဖူးကြပြီဖြစ်တာကြောင့် ရင်ကျပ်ခြင်းဝေဒနာရှိသူများကို စာနာနိုင်မယ်လို့ယူဆမိပါတယ်။ ပရိသတ်များလည်း ဘဝအမောတွေပြေ အသက်ရှူ ဝကြပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်။
နောက်တစ်ပတ်မှာတော့ လိပ်ခေါင်းရောဂါ ကျန်းမာရေးဆောင်းပါးကို တင်ဆက်ပေးမှာ ဖြစ်တာကြောင့် ဧရာ၀တီတိုင်းမ် ပရိသတ်များအားလုံး စောင့်မျှော်ပေးကြပါဦး။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အသက်ရှုလမ်းကြောင်းဆိုင်ရာ #ပန်းနာရင်ကျပ်ရောဂါ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာဝတီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)