ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်

ရှမ်းမြောက်တွင် ကိုးကန့်တပ်မတော် (MNDAA) က တဖက်သတ်အပစ်ရပ်သည်ဟု ကြေညာထားသော်လည်း လားရှိုးမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်လက် နက်ကြီး များဖြင့် ပစ်ခတ်ရန်အသင့် ပြင်ဆင်မှုများရှိနေကြောင်း သိရသည်။

MNDAA သည် တရုတ်နိုင်ငံ၏တောင်းဆိုချက်ကြောင့် ဇူလိုင် ၁၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ တစ်ဖက်သတ်အပစ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း ယနေ့ ဇူလိုင် ၂၁ ရက်နေ့နံနက်ပိုင်းမှစတင်၍ လားရှိုးမြို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့ ရပ်ကွက် (၅) နှင့် ထိစပ်နေသည့် စစ်ကောင် စီ၏ ခမရ ၅၀၇ တပ်ရင်း ရှိရာတို့တွင် စစ်ကောင်စီနှင့် MNDAA တို့အပြန်အလှန်ပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန် လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

“ရပ်ကွက် (၅) ဘက်မှာ မနက်ကနေ နေ့လယ် ၂ နာရီ လောက်ထိ လက်နက်ကြီးပစ်သံတွေ ညံနေတာပဲ။ အပြန်အလှန်ပစ်နေကြတာ။ စစ်ကောင်စီဘက်ကလည်း တင့်ကားတွေက အစ ထုတ်သုံးလာတယ်။ MNDAA ဘက်ကလည်း စစ်တပ်ဆီကသိမ်းထားတဲ့ လက်နက်ကြီးတပ်ဆင်ထားတဲ့ ကားတွေကိုပါ အဆင် သင့်ပြင်ပြီး တိုက်နေတယ်လို့ သိရတယ်။ မြို့ထဲမှာတော့ တချို့တစ်ဝက်ပိတ်မိနေတုန်းပဲ။ မြို့ဝင်ထွက်ဂိတ်တွေကို စစ်တပ်က သွားခွင့်မပေးတော့ဘူး။ ဝင်ခွင့်ရော ထွက်ခွင့်ရောမရှိဘူး”ဟု လားရှိုးမြို့ခံ တစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လားရှိုးရှိ ရေကန်တောင်၊ သစ်တောရုံး၊ အဝေးပြေး ကားကွင်းရှိရာ ရပ်ကွက် (၁) နားမခေါ်၊ ရွှေတောင်ကြား၊ ရပ်ကွက် (၈) စသည့်နေရာတို့တွင်လည်း နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ယနေ့ နေ့လယ်ပိုင်းတွင် MNDAA တပ်ဖွဲ့များ လားရှိုး ကွန်ပျူတာတက္ကသိုလ်တွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် လက်နက်များကိုင်ဆောင်၍ ရိုက်ကူးထားသည့် ရုပ်သံဖိုင် များ ထွက်ပေါ်လာသည်ကို တွေ့ရသည်။

MNDAA က ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့က တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်သည့် ကွန်မြူနစ်ပါတီ မျက်နှာ စုံညီအစည်းအဝေးကျင်းပမည့် ဇူလိုင် ၁၅ ရက်မတိုင်ခင် ၁၄ ရက်နေ့ည ၁၂ နာရီမှစ၍ ဇူလိုင် ၁၈ ရက်နေ့ ည ၁၂ နာရီအထိ တစ်ဖက် သတ်အပစ်ရပ်စဲကြောင်း တရုတ်ဘာသာဖြင့် ထုတ်ပြန်ခဲ့သေးသည်။

တအာင်းတပ်မတော် (TNLA) ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် က “ဘရိတ်ခဏယူရအောင် ဘောလုံးကန်နေတာလည်း မဟုတ်။ ခဏခဏရပ်ရအောင်လည်း လက်ဝှေ့ထိုးတာ မဟုတ်။ လင်းလင်း သီချင်းကိုဆက်ဆိုကြရအောင်ပါ။ ရှေ့သို့ ရှေ့သို့ ချီတက်ကြစို့” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ပုံစာ-ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် နမ့်စလပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ရရှိခဲ့သည့် သံချပ်ကာ ကားအားတွေ့ရစဉ် (ပုံဟောင်း)
#ရှမ်းမြောက် #လားရှိုး #စစ်ကောင်စီ #MNDAA #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times