နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်

ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က စစ်ကောင်စီ ကောက်ယူမည့် သန်းခေါင်စာရင်း ကိစ္စရပ်တွင် လက်ရှိနိုင်ငံရေး ပဋိပက္ခများကြောင့် ကူညီပံ့ပိုးမည် မဟုတ်ကြောင်း ဆိုထားသော်လည်း ယခုနှစ်အတွင်း ကောက်ယူရန် ကြိုးပမ်းနေသည့် သန်းခေါင်စာရင်း လုပ်ငန်းစဉ်များအတွက် အကူအညီပေးရန် စစ်ကောင်စီက ထပ်မံ ဆွေးနွေးတောင်းဆိုခဲ့ကြောင်း သိရသည်။

စစ်ကောင်စီခန့် ဝန်ကြီးများသည် ယခုရက်ပိုင်းအတွင်း ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig ကို တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတို့နှင့် ပူးပေါင်း၍ အကူအညီပေးရန် ဒုတိယအကြိမ် တောင်းဆိုခဲ့ကြောင်း သိရသည်။

“၂၀၁၄ မှာ သန်းခေါင်စာရင်း လုပ်ခဲ့တာကြောင့် ၁၀ နှစ်တစ်ကြိမ်၊ ၂၀၂၄ မှာ နောက်ထပ်တစ်ကြိမ် လုပ်သင့်တယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်း အစိုးရဖြစ်နေတာကြောင့် နိုင်ငံတကာ ပံ့ပိုးကူညီမှုရဖို့ ခက်ပါတယ်” ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီခန့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်သည် ယခုဇူလိုင် ပထမပတ်မှစ၍ UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ်ဖြစ်လာသည့် Mr. Jaime Nadal Roig နှင့် တွေ့ဆုံခဲ့ပြီး UNFPA အနေဖြင့် သန်းခေါင် စာရင်းဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝန်ကြီး ဦးမြင့်ကြိုင်သည် ယင်းမတိုင်ခင် ယမန်နှစ် ဩဂုတ် ၃၁ ရက်ကလည်း ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ကို တွေ့ဆုံ၍ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ပါဝင်ပေးရန် တောင်းဆိုခဲ့သည်ဟု စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင်၂၀၁၄ သန်းခေါင်စာရင်း နှင့် ၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူမှုအရ လူဦးရေ ၅၄ သန်းခန့်ရှိသည်ဟု သိရပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါး ကုန်ကျစရိတ်ရှိကြောင်း သိရသည်။

“၂၀၁၄ သန်းခေါင်စာရင်းတုန်းက အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၅ သန်း ကုန်တယ်။ မြန်မာအစိုးရက ဒေါ်လာ ၁၅ သန်း အကုန်ခံတယ်။ ကျန်တာတွေက UNFPA ကနေ ဒေါ်လာ ၅ သန်း၊ ဗြတိသျှအစိုးရရဲ့ DFID ကနေ ဒေါ်လာ ၁၆ သန်း၊ နောက် အမေရိကန်၊ ဩစတြေလျတို့က နည်းပညာ ကူညီကြတယ်။ အခုသန်းခေါင်စာရင်းကို နိုင်ငံတကာ ကူညီဖို့ မမြင်မိဘူး” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီသည် ၁၀ နှစ်တစ်ကြိမ် ပုံမှန်ကောက်ယူလေ့ရှိသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ယခု ၂၀၂၄ ၊ အောက်တိုဘာတွင် ၁၅ ရက်ကြာ ကောက်ယူမည်ဖြစ်ပြီး ထိုလုပ်ငန်းစဉ်များအတွက် နိုင်ငံ တကာထံက အကူအညီရရှိရန် နည်းပေါင်းစုံဖြင့် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီခန့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်တို့သည် ဇူလိုင် ၁၇ နှင့် ၁၅ ရက်တို့တွင် UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Jaime Nadal Roig နှင့်တွေ့ဆုံခဲ့၍ UNFPA နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ငွေကြေးနှင့် နည်းပညာ ပံ့ပိုးကူညီပေးခဲ့သော ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) သည် စစ်ကောင်စီ ကောက်ယူမည့် သန်းခေါင်စာရင်း ကိစ္စရပ်တွင် လက်ရှိနိုင်ငံရေး ပဋိပက္ခများကြောင့် ကူညီပံ့ပိုးမည် မဟုတ်ကြောင်း ယမန်နှစ် ၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတကာ အကူအညီမပါရှိဘဲ ပြည်တွင်းအင်အားဖြင့်သာ ဆောင်ရွက်နေရသည့်အတွက် လက်ရှိစိန်ခေါ်မှုများ၊ အခက်အခဲများကို အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများတွင် မကြာခဏ ထည့်သွင်းပြောဆိုလျက်ရှိသည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံအတွင်းရှိ ကမ္ဘာ့ကုလသမဂ္ဂ (UN) အဖွဲ့အစည်းများနှင့် မကြာခဏ တွေ့ဆုံလေ့ရှိသော်လည်း ထူးထူးခြားခြား အကူအညီများ ရလာနိုင်ဖွယ်ရာ မရှိပေ။

ထို့ကြောင့် စစ်ကောင်စီတွင်ရှိသော နည်းပညာ အဆင့်အတန်းသည် သန်းခေါင်စာရင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်မှု ရှိ/မရှိနှင့် ထွက်ပေါ်လာမည့် ရလဒ်များကို နိုင်ငံတကာက ယုံကြည်မှုရှိစွာ လက်ခံနိုင်မည်လားဆိုသည့် မေးခွန်းများရှိနေကြောင်း လေ့လာသူများက သုံးသပ်ထောက်ပြထားသည်။

ဓာတ်ပုံ – စစ်ကောင်စီ

#UNFPA #စစ်ကောင်စီကောက်ယူ #သန်းခေါင်စာရင်း #ကူညီမည်မဟုတ် #အကူအညီပေးရန် #ထပ်မံတောင်းဆို #Ayeyarwaddy_Times