
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များတွင် စစ်မှုထမ်းရသူများအတွက် ပြည်သူများက ငွေကြေးထောက်ပံ့နေကြသည့်အတွက် ကုန်စျေးနှုန်းကြီးမြင့်ပြီး အလုပ်အကိုင်ရှားပါးနေသည့် ပြည်သူများအနေဖြင့် အခက်အခဲကြုံနေရကြောင်း ဒေသခံများထံက သိရသည်။
“ကျွန်တော်တို့ရွာက စစ်မှုထမ်းဖို့ တစ်ယောက်သွားရတယ်။ သူအတွက် သိန်း၂၀ ပေးရမယ်ဆိုလို့ ရွာကစုထည့်ရတယ်။ တစ်အိမ်နဲ့တစ်အိမ် ငွေထည့်ရတာတော့ မတူဘူး။ တတ်နိုင်တဲ့သူတွေက များများထည့်ရတယ်။ ဆင်းရဲတဲ့အိမ်ကျတော့ နည်းနည်းထည့်ရတာပေါ့” ဟု ဘက်ရဲဒေသခံတစ်ဦးက ပြောသည်။
အခုလိုငွေကြေးကောက်ခံနေတာကြောင့်လက်လုပ်လက်စားပြည်သူများတွင် ဝန်ထုပ်ဝန်ပိုးဖြစ်ကာ အခက်အခဲကြုံတွေရကြောင်း အဂ်ပူမြို့နယ် မယ်ဇလီကုန်း မြို့ခံတစ်ဦးကဆိုသည်။
“တစ်ရက်လုပ်အားခ ရှစ်ထောင်ရတယ်။ အဲ့ဒီပိုက်ဆံ ကိုယ်မိသားစု စားဖို့အတွက်တောင် အဆင်မပြေဘူး။ စစ်မှုထမ်းရမယ့်လူအတွက် နှစ်သောင်းထည့်ရမယ်ဆိုတော့ နေ့ပြန်တိုးချေးပြီထည့်လိုက်ရတယ်” ဟု မဲဇလီကုန်းမြို့ခံတစ်ဦးက ပြောသည်။
ယခုကဲ့သို့ စစ်မှုထမ်းသူများကို ပြည်သူထံကနေ ငွေကြေးကောက်ခံပြီး ထောက်ပံ့နေခြင်းသည် မြို့နယ်ထွေအုပ် နှင့် နယ်မြေခံစစ်တပ်များက စီမံခန့်ခွဲနေသည့်အတွက် တစ်နေရာနှင့် တစ်နေရာမတူကြောင်း သိရသည်။
“တစ်ရွာနဲ့တစ်ရွာ ပိုက်ဆံကောက်တာ မတူဘူး။ တချို့အုပ်စုမှာဆို အိမ်တိုင်းစေ့သတ်မှတ်ပြီးတော့ မထည့်မနေရကောက်တယ်။ ကျွန်တော့ အုပ်စုမှတော့ စစ်မှုထမ်းဥပဒေ အတွက် အသက်မှီသူတွေဆီကဘဲ ငွေကောက်တယ်။ တခြားအိမ်တွေက မကောက်ဘူး” ဟု ကြံခင်းမြို့နယ်အတွင်းမှ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက် မြန်အောင်၊ ကြံခင်းနှင့် အင်္ဂပူမြို့နယ်အတွင်းမှ အပတ်စဉ် တစ်ခုလျှင် ခြောက်ယောက်နှုန်းဖြင့် စေလွှတ်ခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ-ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ
#စစ်မှုထမ်း #ငွေကြေးထောက်ပံ့နေရသည့်အတွက် #ဧရာဝတီတိုင်း #ပြည်သူများအခက်ကြုံနေ
#Ayeyarwaddy_Times