အောင်မြသန်း/ဧရာဝတီတိုင်းမ်
(ဆားလင်းကြီး)၊ ဩဂုတ်လ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က ဩဂုတ်လဆန်းပိုင်းက စတင်ကာ စစ်အင်အား တိုးချဲ့တာတွေပြုလုပ်လာသလို တိုက်ပွဲတွေလည်း မကြာခဏဖြစ်ပွားလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်လာတာ ကြောင့် တုံ၊ တောကျောင်း၊ ဆည်တဲ၊ ဖောင်းကတား၊ အလယ်ရွာ၊ ရွာသစ် စတဲ့ကျေးရွာတွေက ရွာလုံးကျွတ် ထွက်ပြေးနေရပြီး မြစ်ကမ်းဘေးကရွာတွေမှာတော့ ဒေသခံတွေမရှိသလောက်ဖြစ်သွားပြီးလို့ ဒေသခံတွေက ပြောပါတယ်။

“ တွဲသင်္ဘောတွေရော အရပ်ဘက် သင်္ဘောတွေရောသုံးပြီး အင်အားနဲ့ ရိက္ခာပို့တာတွေလုပ်လာတော့ ဒီဘက်က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲကဖြစ်နေတာ တော်တော်များများက ရှောင်သွားပြီ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေလောက်ပဲ ရွာမှာကျန်တော့တယ်”လို့ ဒေသခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တိုင်း ကျေးရွာတွေကို မီးရှို့လေ့ရှိတာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့နီးတဲ့ ကျေးရွာ ၅ ရွာလောက်က ဒေသခံတွေက ထွက်ပြေး တိမ်းရှောင်နေရပြီး မပြေးနိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေကိုပဲ ရွာမှာထားခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်စီးမှုတွေကြောင့် မြစ်ကမ်းဘေးက ကျေးရွာတွေဖြစ်တဲ့ ထန်းတောကြီး၊ ဝှက်မှေး၊ ညောင်ပင်ကြီး၊ ဝဲကြီးဝဲကွဲနဲ့ ရွာသစ်ကုန်းက ကျေးရွာနေပြည်သူတွေကတော့ အားလုံးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီက မြစ်ထဲကနေ အင်အားနဲ့ ရိက္ခာတွေပိုတဲ့အခါ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေက မြစ်ကမ်း ဘေးကနေ တိုက်ခိုက်လေ့ရှိတာကြောင့် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက ဖြတ်သန်း သွားရတဲ့ မြစ်ကမ်းဘေးကကျေးရွာတွေကို တိုက်ပွဲမရှိပေမယ့် ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်လေ့ ရှိတာကြောင့် ခုလိုတိမ်းရှောင်နေရတာလို့ ဆိုပါတယ်။