ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AAတို့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ AAပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုများနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ရက်နေ့က အမ်းမြို့ရှိ စစ်ကောင်စီတပ်များကို AAက ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“နပခထဲကို လက်နက်ကြီးကျည်တွေကျတယ်။ တိုက်ပွဲပြန်လည်ပြင်းထန်လာတာ မှန်ပါတယ်။ နပခရဲ့ ကာကင်းဗျူဟာကြီးဖြစ်တဲ့ တောဟိန်းတောင်ကျသွားတော့ နပခကတကယ်တိုက်ခိုက်ခံရတော့ ခုခံရတာမလွယ်ပုံပဲ။ စစ်တပ်ဘက်က ကာကင်းတွေထပ်လုပ်ထားတယ်လို့ သိထားပါတယ်” ဟု အမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ကြိမ်ချောင်းနှင့် ခမောင်းတော ကျေးရွာကြား မဲတောင်ကြောတလျောက်တွင် ကာကင်းစခန်း ငါးခုကို တိုးချဲ့ထားပြီး ခုခံစစ်ပြင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၃ရက်နေ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကာကင်းစခန်းကြီးဖြစ်သည့် တောဟိန်းတောင်ဗျူဟာကို AAက သိမ်းပိုက်ရရှိခဲ့ပြီး အမ်း နပခကို ပိတ်ဆို့ထားလိုက်ကြောင်း သိရသည်။

အမ်းတွင် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃၊ အမှတ် ၉၄၆ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ ၃၄၅ စစ်လက်နက်ပစ္စည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ခွဲ၊ အမှတ်၈ အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၉၂၆ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမ်းတောင်အုပ်စု အမှတ် ၇၅၇ လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ်၁၀တပ်ထိန်းတပ်ခွဲနှင့် ကုတင် ၃၀၀ဆံ့ စစ်ဆေးရုံတို့ တည်ရှိသည်။

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ကိုလည်း AAက အလုံးစုံ ပိတ်ဆို့ထားရာ စစ်ကောင်စီက စစ်ကူနှင့် လက်နက်ရိက္ခာဖြည့်တင်းမှုကို လေကြောင်းမှတဆင့်ပြုလုပ်နေရကြောင်း သိရသည်။

အမ်းရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ကုတ်ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၅၊ စစ်တွေရှိ ဒကစ၊ ကျောက်ဖြူရှိ ဓညဝတီရေတပ်ဌာနချုပ်တို့ကို ပိတ်ဆို့ ဝိုင်းထားပြီးဖြစ်ကြောင်း ဇူလိုင် ၇ရက်နေ့တွင် AAက ထုတ်ပြန်ထားသည်။

#အမ်း #စစ်ကောင်စီ #အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် #နပခ #AA #တိုက်ခိုက် #Ayeyarwaddy_Times