
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်
မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူးမြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်ထားနိုင်ပြီဖြစ် ကြောင်း ထုတ်ပြန်ပြီးနောက် မကြာမီတွင် စစ်ကောင်စီက ၎င်းတို့အနေဖြင့် ပြန်လည်သိမ်းပိုက်ထားပြီဟု ထုတ်ပြန်ခဲ့သည်။
အဆိုပါ စဉ့်ကူးမြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ပြီး ၃ ရက်အကြာ ဇူလိုင် ၂၀ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက စဉ့်ကူး ကို ၎င်းတို့ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ယင်းနေ့ညပိုင်းတွင်ပင် ထုတ်ပြန်လာသည်။
စစ်ကောင်စီက စဉ့်ကူးမြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း လိမ်လည် ထုတ်ပြန်ခဲ့ သော်လည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်သားများ သည် ဇူလိုင် ၁၅ ရက်နေ့က တည်းက ရဲစခန်းနှင့် တပ်ရင်းတပ်ဖွဲ့စခန်းများကို စွန့်ခွာထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲဖြစ်နေစဉ်နှင့် တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီစခန်းများမှနေ၍ စဉ့်ကူးမြို့တွင်းကို လက်နက် ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းအသုံး ပြု၍ မြို့ကိုအလုံးစုံပျက်စီးစေရန်ရည်ရွယ်၍ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။
သို့ရာတွင် စစ်ကောင်စီထုတ်ပြန်ချက်တွင် တော်လှန်ရေး တပ်ဖွဲ့များမှ စဉ့်ကူးမြို့ အတွင်းဝင်ရောက်ကာ အဖျောက်အမှောက်လုပ်ငန်းများကို လုပ်ဆောင်ပြီး မြို့ကို မီးရှို့၍ထွက်ပြေးသွားသည်ဟုဖော်ပြ ထားသည်။
ထို့ပြင် ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့က စတင်ပြီး စစ်ကောင် စီက ကြည်း၊ရေ၊လေဖြင့် စနစ်တကျခြေကုတ်ယူကာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် မြို့ကို ပြန်လည်ထိန်းချုပ်ရယူနိုင်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ စစ်ကောင်စီက စဉ့်ကူးမြို့ကို သိမ်းပိုက်ထား သည်ဟု ထုတ်ပြန်ထားသော်လည်း တော်လှန်ရေးတပ် ဖွဲ့များက စစ်ကောင်စီဘက်မှ စဉ့်ကူးမြို့အုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ရဲမှူးနှင့် ဒုရဲမှူးအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး မိုးကုတ်ဗျူဟာ အမှတ် -၁၂၂၂ တပ်ရင်းက ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ် အရာရှိ/အရာခံ စစ်သုံ့ပန်းများ၏ ထွက်ဆိုချက်များကို ဇူလိုင် ၂၀ ရက်နေ့တွင် ရုပ်/သံ မှတ်တမ်းနှင့်တကွ ထုတ်ပြန်ခဲ့သည်။
ယမန်နေ့ ဇူလိုင် ၂၀ ရက်နေ့က စဉ့်ကူးမြို့အနီးသို့ဆန် တက်လာသည့် စစ်ကောင်စီ စစ်ရေယာဉ်မှ ည ၁၀ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အတွက် လက်ပံလှ၊ ပြည်စိုးအောင်ရပ်ကွက်၊ ရုန်းပင်ကုန်းအနီးတဝိုက်သို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် စဉ့်ကူးမြို့ကို စစ်ကောင်စီက ဇူလိုင် ၂၀ ရက် နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုသည့် ကြေညာ ချက်သည် သတင်းအမှားသာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တာဝန် ရှိသူ ဒေါက်တာစိုးသူရဇော်က ဒေသတွင်း သတင်းဌာနများကို ဖြေကြားထားသည်။
ပုံစာ -စစ်ကောင်စီက ပြန်လည်သိမ်းယူပြီးဟု လိမ်လည်ထုတ်ပြန်ထားသည့် ပုံများနှင့် တော်လှန်ရေးတပ်ဖွဲ့များမှ မြို့ပေါ်တွင်ရိုက်ကူးထား သည့်ပုံများ
#မန္တလေး #စဉ့်ကူး #စစ်ကောင်စီ #ပြန်လည် #သိမ်းယူ #လိမ်လည်ထုတ်ပြန် #Ayeyarwaddy_Times