ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ ရွာတွင်းချိတ်ဆက်ထားသည့် လမ်းများကို အာရက္ခတပ်တော် AAအသုံးပြု၍ မရစေရန် စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးမှုများပြုလုပ်ထားကြောင်း သိရသည်။

စစ်ကောင်စီတပ်စွဲထားသည့် ဇလွန်ရွာအနီး ဇလွန်- သပြုချိုင်ဆိပ်ကမ်းကားလမ်းပေါ်ရှိ တံတားများကို ပြီးခဲ့သည့် ဇူလိုင် ၁၉ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက မိုင်းခွဲချိုးချခဲ့ကြောင်း သိရသည်။

“ကုန်းလမ်းပိုင်းကနေ တပ်တော်လာလို့မရအောင် တံတားတွေချိုးတယ်။ ရွာသားတွေကတော့ မရှိတော့သလောက်ပါပဲ။ အကုန်နီးပါး စစ်ရှောင်နေကြပြီ။ ပြောင်းရွှေ့ဖို့ ခက်ခဲတဲ့ လူတွေလောက်ပဲ အိမ်စောင့်အဖြစ်ကျန်ခဲ့တော့တယ်။ ၁၉ရက်နေ့ကလည်း အဘဲတောင်ကြောတလျောက် ရေတပ်ကနေလက်နက်ကြီးနဲ့ပစ်တယ် ရွာထဲကျကုန်ပြီး တော်တော်လေး သေကုန်တယ်” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆင်ဒင်ကြီးကျေးရွာနှင့် ဆင်ဒင်လေးကျေးရွာကြားရှိ သာယာကုန်းတံတား၊ သရက်ပင်ကွင်းရွာရှိသရက်ပင်ကွင်း တံတားတို့ကို ဇူလိုင် ၁၉ရက် ညနေပိုင်းတွင် စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့သည်။

ယမန်နေ့ ဇူလိုင် ၂၀ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဆင်ဒင်ကြီးကျေးရွာအနီး အုန်းပင်ဝပင်လယ်ကမ်းနားရွာရှိ တံတားကိုလည်း စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့သည်။

အဘဲကျေးရွာတောင်ကြောတစ်လျောက်နှင့် မဲနယ်ကွင်းရွာ၊ ကျောက်ဆိပ်ရွာနှင့် ပဒဲကောရွာများကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံပြည်သူများ ထိမှန်သေဆုံးမှုများရှိခဲ့သည်။

သံတွဲနှင့် ငပလီမြို့ကို ပြန်လည်ရရှိစေရေးအတွက် စစ်ကောင်စီက ဂျိတ္တောနှင့် မောင်ရွှေလေးရေတပ်တို့အပြင် ဇလွန်ရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းများကို စစ်ကူအင်အားများပို့လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် AAအလွယ်တကူဝင်ရောက်မလာစေရန် စစ်ကောင်စီက ၎င်းတို့တပ်စွဲထားရာနှင့်နီးကပ်သည့် လမ်းနှင့်တံတားများကိုဖျက်ဆီးနေခြင်း ဖြစ်သည်။

#သံတွဲ #ရွာချင်းဆက်လမ်းတံတား #စစ်ကောင်စီ #မိုင်းခွဲ #ဖျက်ဆီး #Ayeyarwaddy_Times