ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်

စစ်ကိုင်းတိုင်း တမူးမြို့နယ်အထက်ပိုင်း မင်းသာကျေးရွာနှင့် ကျွန်းပင်သာကျေးရွာတို့က စစ်ဘေးရှောင် ပြည်သူများ၏ ကျွဲ၊ နွားတို့ကို စစ်ကောင်စီပူးပေါင်းတပ်များက ဖမ်းဆီး ရောင်းချနေကြောင်း ဒေသခံများထံက သိရသည်။

တမူးမြို့နယ်၊ မြို့သစ်မြို့ စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်၊ ရဲ၊ ပျူ၊ ရှမ်းနီတပ်(SNA) နှင့် ကသည်းတပ်တို့သည် မင်းသာကျေးရွာတွင် တပ်စွဲထားပြီး ကျေးရွာရှိ ကျွဲ၊ နွားတို့ကို ဖမ်းယူကာ ပွဲစားများမှတဆင့် မှောင်ခိုရောင်းချနေခြင်းဖြစ်သည်။

“စစ်သားတွေက ကျွဲတွေ၊ နွားတွေ ဖမ်းပြီး သူတို့တပ်စွဲတဲ့ စခန်းတွေ၊ ကျောင်းတွေမှာ လှောင်ထားတယ်။ အဲ့ဒီကနေ နည်းနည်းချင်းစီ ပွဲစားတွေဆီ ရောင်းချနေတယ်။ အခု သူတို့ ရောင်းချနေတဲ့ ကျွဲ၊ နွားတွေလည်း အကောင်ရေ ၂၀၀ နဲ့အထက်မှာ ရှိနေပြီ။ ရွာထဲက ကြက်၊ ဝက်တွေကိုလည်း သတ်စားကြတယ်” ဟု တမူးမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က တမူးမြို့နယ်၊ မြို့သစ် မြို့သိမ်းတိုက်ပွဲတွင် မင်းသာကျေးရွာနှင့် ကျွန်ပင်သာကျေးရွာရှိ ဒေသခံပြည်သူများသည် ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ပျူတပ်ဖွဲ့သည် မြို့ပေါ်ရပ်ကွက်နှင့် မြို့အနီးဝန်းကျင် ကျေးရွာအချို့တွင် သွားလာလှုပ်ရှားနေကြပြီး ဇူလိုင်လ ၆ ရက်နှင့် ၁၈ ရက်နေ့ကလည်း ချောင်းနက်ကြီးရပ်ကွက်တွင် အုပ်စုဖွဲ့ ဓားပြတိုက်မှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရှိရသည်။

“၁၈ ရက်နေ့ကဆို ပျူအဖွဲ့ က ချောင်းနက်ကြီးဘက်မှာ တစ်အိမ်ဝင် တစ်အိမ်ထွက် ဝင်မွှေသွားကြတယ်။ လူတွေကလည်း ကြောက်လန့်ပြီး ဘာမှမလုပ်ရဲမကိုင်ရဲကြဘူး။ တစ်ရပ်ကွက်ထဲ ငွေသိန်း ၁၀၀ လောက်ပါသွားတယ်။ ဖုန်းတွေပါသွားတယ်” ဟု တမူးမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တမူးမြို့နယ်တွင် ဇူလိုင်လ ၅ ရက်မှ ၁၆ ရက်နေ့အတွင်း အရပ်သား ငါးဦးအသတ်ခံရပြီး Non CDM ကျန်းမာရေး ဆရာမတစ်ဦးလည်း ယနေ့ထိပျောက်ဆုံးနေကြောင်း သိရသည်။

#တမူးမြို့နယ်တွင် #စစ်ကောင်စီပူးပေါင်းတပ် #စစ်ဘေးရှောင် #ကျွဲနွားများကို #ဖမ်းဆီးရောင်းချ
#Ayeyarwaddy_Times