
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်
မူးယစ်ဆေးဝါး ကုန်သွယ်မှုရဲ့ အသက်သွေးကြောကို ဖြတ်တောက်မှုအနေနဲ့ “ငါးကြီးကြီး” ခေါ် မူးယစ်ဆေးဝါးကွန်ရက်တွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူရေး ဦးစားပေးဖို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (Amlo) အား ညွှန်ကြားလိုက်ပါတယ်။
Srettha Thavisin က Amlo ရဲ့ အစည်းအဝေးတစ်ခုမှာ အခုလို ပြောကြားခဲ့တာဖြစ်ပြီး သူ့ကို Amlo တာဝန်ရှိသူတွေက မူဝါဒတွေ၊ ဆောင်ရွက်မှုတွေ အကောင်အထည်ဖော်ဆောင်ရာမှာ တိုးတက်မှု တွေကို တင်ပြခဲ့ပါတယ်။
၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်ကြား မူးယစ်ဆေးဝါးနဲ့ဆက်စပ်တဲ့ အမှုတွေမှာ ဘတ် ၅၂၃ သန်း တန် ကြေးရှိ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့တယ်လို့ Amlo အထွေထွေ အတွင်းရေးမှူး ဘာဝမ်ချွတ်ဒရာက ပြောပါတယ်။
အကြီးမားဆုံး သိမ်းယူမှုမှာ ချန်ချိုင်းခလွန်လူရဲ့ မူးယစ်ဂိုဏ်းပိုင်ဆိုင်တဲ့ ဘတ် သန်း ၁၀၀ ကျော် တန်ကြေးရှိ ပိုင်ဆိုင်မှုတွေဖြစ်ပါတယ်။
မြန်မာခရိုနီ ထွန်းမင်းလတ်ရဲ့ ဘတ် ၄၈ သန်းတန်ကြေးရှိ ပိုင်ဆိုင်မှုနဲ့ ချိုင်ရာနတ်တူဟောင်လို့ ခေါ်တဲ့ စီးပွားရေးသမားတစ်ဉီးရဲ့ မူးယစ်ကွန်ရက်မှ ဘတ် ၃၇ သန်းတန်ကြေးရှိ ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းယူခဲ့တယ်လို့ Amlo အစီရင်ခံစာအရ သိရပါတယ်။
ထိုင်းနိုင်ငံတွင်းသို့ ပမာဏများပြားသော တရားမဝင် မူးယစ်ဆေးဝါးတွေ တင်သွင်းနေဆဲဖြစ်ပြီး ငွေကြေးခဝါချဖို့ရည်ရွယ်ချက်နဲ့ မူးယစ်ဆေးရောင်းရငွေကို အသုံးပြုပြီးဝယ်ယူတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်း ဆည်းရမယ်လို့ Srettha Thavisin က ပြောပါတယ်။
မူးယစ်မှောင်ခိုသမားတွေ၊ ကုန်သည်တွေက မူးယစ်ဆေးဝါးကွန်ရက်တစ်ခုလုံးအတွက် ငွေကြေး ရရှိရေး ဆောင်ရွက်တာကြောင့် မူးယစ်ဆေးဝါး ဖြန့်ဖြူးမှု၊ မှောင်ခိုကူးမှုနဲ့ ရောင်းချမှုကွန်ရက်ကို ဖြိုဖျက် ဖို့ ၎င်းတို့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူရမယ်လို့ သူက ဆိုပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ တိုးချဲ့ရာမှာနဲ့ ပိုင်ဆိုင်မှုသိမ်းယူရေးစွမ်းရည် မြှင့်တင်ဖို့ တော်ဝင်ထိုင်းရဲ တပ်ဖွဲ့ (RTP) လိုမျိုး အခြားအဖွဲ့အစည်းတွေနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရမယ်လို့ သူက ပြောပါ တယ်။
အွန်လိုင်းလောင်းကစားနဲ့ ကျားဖြန့်လုပ်ငန်းတွေမှ တရားမဝင် ငွေကြေးတွေကို ခြေရာခံဖို့လည်း ၎င်းက Amlo ကို တိုက်တွန်းခဲ့ပါတယ်။
သိမ်းယူထားတဲ့ ပိုင်ဆိုင်မှုတွေကို အွန်လိုင်းမှာ ငွေကြေးလိမ်လည်ခံရသူတွေကို လျော်ကြေးပေး ရာမှာ သုံးစွဲမယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; PM tells Amlo to target assets of ‘big fish’ drug syndicates
#Ayeyarwaddy_Times