
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်
အိန္ဒိယနိုင်ငံတွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းအရှိန်ကြောင့် ဧရာဝတီတိုင်းအပါဝင် တိုင်းနှင့်ပြည်နယ် ၆ ခုတွင် ရာနှုန်းပြည့် နေရာကွက်ပြီး မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၇ နာရီတွင် ထုတ်ပြန်ထားသည်။
အိန္ဒိယနိုင်ငံရှိ ဩရိဿပြည်နယ် ကမ်းလွန်နှင့် အင်ဒရပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်း ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ရွှေ့လျားနေပြီး ပူရီမြို့တောင်ဘက် အနီးမှ ဖြတ်ကျော်လျက်ရှိသဖြင့် မုတ်သုံလေ အားကောင်ရာမှ အားအလွန်ကောင်းလာသည်ဟု ဆိုသည်။
ထို့ကြောင့် ဧရာဝတီတိုင်းအပါဝင် တိုင်းနှင့်ပြည်နယ် ၆ ခုတွင် ရာနှုန်းပြည့် နေရာကွက်ပြီး မိုးကြီးနိုင်သည်ဟု သတိပေးထားခြင်းဖြစ်သည်။
ကျန်သည့် တိုင်းနှင့်ပြည်နယ်များတွင်လည်း ရာနှုန်းပြည့် မိုးထစ်ချုန်းရွာသွန်းနိုင်သည်ဟု ဆိုသည်။
ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်မှ စတင်ပြီး မိုးရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်လာမှုကြောင့် သာပေါင်း၊ လေးမျက်နှာ၊ ဟင်္သာတ၊ ညောင်တုန်း၊ အင်္ဂပူနှင့် ဇလွန်မြို့နယ်များရှိ မြေအနိမ့်ပိုင်း ရပ်ကွက်များနှင့် ကျေးရွာများတွင် ရေဝင်ရောက်မှုများ စတင်ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
#ဧရာဝတီတိုင်း #မုန်တိုင်း #ရေကြီး #Ayeyarwaddy_Times