ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် အဘဲကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကျေးရွာအတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ငါးဦးသေဆုံးကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၁၉ရက် နေ့လယ်ပိုင်းအချိန်တွင် ကသစ်ကျွန်းအနီး ရပ်တန့်ထားသည့် စစ်ကောင်စီ၏ ရေတပ်သဘ်ော ငါးစီးမှနေ၍ အဘဲကျေးရွာတွင်းသို့ လက်နက်ကြီးဖြင့်
ပစ်ခတ်ခဲ့သည့်အတွက် ယခုကဲ့သို့ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“အဘဲမှာတော့ တိုက်ပွဲမရှိဘူး။ နေဗီကနေရမ်းပစ်တာ။ အခု ရွာသားတွေလည်း ပြေးကုန်ကြပြီ။ ကလေး နှစ်ဦးနဲ့ အမျိုးသားတစ်ဦးလည်း ပြင်းထန်ဒဏ်ရာရတယ် ကြားတယ်။ ကျေးရွာနားက ရွှေပုဇွန်တောင်မှာတော့ ချနေကြတယ်။ လက်နက်ကြီးနဲ့ပစ်တာ” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်နက်ကြီးကျည်ကြောင့် အဘဲကျေးရွာရှိ အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးတို့သေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

အဘဲကျေးရွာအပြင် သံတွဲမြို့အထွက်နားရှိ မဲနယ်ကွင်းရွာ စာသင်ကျောင်းအနီးကိုလည်း ယမန်နေ့ ဇူလိုင် ၁၉ရက်နေ့က လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲကြောင်း သိရသည်။

စစ်ကောင်စီက သံတွဲမြို့ကိုပြန်လည်ရရှိရန်အတွက် ဂျိတ္တောနှင့် ဇလွန်ရွာတို့တွင်စစ်အင်အားများတိုးချဲ့ထားပြီး မောင်ရွှေလေးရေတပ်မှလည်း လက်နက်ကြီးပစ်ကူနှင့် စစ်အင်အားများ ဖြည့်တင်းထားကြောင်း သိရသည်။

သံတွဲမြို့တွင်းကို AAမထိန်းချုပ်ခင်ကလည်း စစ်ကောင်စီသည် တပ်မ ၁၀၁မှ တပ်ရင်း ၁၀ရင်းလုံးနှင့် မကွေးတိုင်း၊ ဧရာဝတီတိုင်းမှ တပ်ရင်းများကိုပါ အသုံးပြုတိုက်ခိုက်ခဲ့သည်။

လက်ရှိတွင် သံတွဲမြို့ကို အမြန်ဆုံးပြန်လည်ရရှိစေရန် လုပ်ဆောင်ရမည်ဟု စစ်ခေါင်းဆောင်က အမိန့်ပေးထားပြီး မောင်ရွှေလေးရေတပ်မှနေ၍ စစ်ကူအင်အားများပို့ဆောင်လျက်ရှိကြောင်း သိရသည်။

#သံတွဲ #အဘဲကျေးရွာ #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒေသခံ #၅ဦးသေဆုံး #Ayeyarwaddy_Times