ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့မရဲစခန်း ဝင်စီးခံရပြီး အကျဥ်းသား အမျိုးသမီး ၁၃ ဦးအပါဝင် ၆၂ ဦး လွတ်မြောက်လာကြောင်း ချင်းလဲန်းကာကွယ်ရေးတပ် (ဟားခါး) က ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဟားခါးမြို့ ဝမ္မသူးမောင် ဘောလုံးကွင်းအနီးရှိ မြို့မရဲစခန်းကို ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် Operation Rung အမည်ဖြင့် ချင်းလဲန်းကာကွယ်ရေးတပ်(ဟားခါး)မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဟုတ်ပါတယ်။ ဒီမနက် အစောပိုင်းက ကျွန်တော်တို့ မြို့မရဲစခန်းကို ဝင်စီးတာ အကျဥ်းသား၊ အကျဉ်းသူ ၆၂ ယောက် ကယ်ထုတ်နိုင်ခဲ့တယ်။ သေနတ် ၂၂ လက် သိမ်းယူရရှိခဲ့ပါတယ်” ဟု ချင်းလဲန်းကာကွယ်ရေးတပ် (ဟားခါး) တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ မြို့မရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရရှိကာ သေနတ်မျိုးစုံ ၂၂ လက် သိမ်းပိုက်ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ဟားခါး မြို့မရဲစခန်းမှ လွတ်မြောက်လာသည့် အကျဥ်သား ၆၂ ဦးတွင် နိုင်ငံရေးအကျဥ်သားများ အများအပြားပါဝင်လာပြီး တချို့သည် NGO/INGO အဖွဲ့ဝင်များဖြစ်ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

“အဲ့ဒီ အချုပ်ခန်းထဲမှာ နိုင်ငံရေးအကျဥ်းသားတွေ အတော်များတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ စစ်ကောင်စီ မကောင်းကြောင်း ရေးသားဖြန့်ဝေလို့ အဖမ်းခံရတာ၊ တော်လှန်ရေးနဲ့ ပူးပေါင်းပါဝင်ပတ်သက်လို့ အဖမ်းခံရတာတွေပါတယ်။ တချို့က ဖုန်းစစ်ဆေးတဲ့ချိန် အဖမ်းခံရတာဖြစ်တယ်။ NGO အဖွဲ့တွေလည်း ရှိပါတယ်” ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ‌‌နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ဆုံးခန်းတိုင်အောင် ဆက်လက် တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်လူထုမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်‌‌ပေးပါရန်အတွက် CDF(ဟားခါး)က တိုက်တွန်းထားသည်။

#ဟားခါး #မြို့မရဲစခန်း #ဝင်စီးခံရပြီး #အကျဥ်းသား #၆၂ဦးကို #ကယ်ထုတ် #Ayeyarwaddy_Times