
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်
ရှမ်းမြောက်၊ လားရှိုးမြို့ရှိ စစ်ကောင်စီ၏ ရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုက်ခိုက်ခံနေရသည့်အတွက် စစ်တိုင်းမှူးဖြုတ်ချခံရပြီး တိုင်းမှူး အသစ်ထပ်မံခန့် အပ်ထားကြောင်း သိရသည်။
စစ်ကောင်စီက ဗိုလ်မှူးချုပ်စိုးလှိုင်ကို ယခု ဇူလိုင် ၁၈ ရက်နေ့တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး အဖြစ်ကို ခန့်အပ်လိုက်ကြောင်း သိရသည်။
လားရှိုးမြို့ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခံနေရပြီး ညီနောင်မဟာမိတ်တပ် ကိုးကန့်တပ်မတော် (MNDAA) က တစ်ဖက် သတ်အပစ်ရပ်စဲထားသည့် လေးရက်တာ ကာလတွင်လည်း လားရှိုးမြို့ကို ကာကွယ်နိုင်ခြင်းမရှိဘဲ တိုက်ခိုက်ခံနေရသည့်အတွက် စစ်တိုင်းမှူးကိုဖြုတ်ချကာ ဗိုလ်မှူးချုပ်စိုးလှိုင်ကို တိုင်းမှူးအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။
တပ်မ (၉၉) တပ်မမှူး ဗိုလ်မှူးချုပ်စိုးလှိုင်သည် စစ်ခေါင်းဆောင်၏ လူယုံ၊ ထီးတော်မိုးတစ်ဦးဖြစ်ပြီး စစ်ခေါင်းဆောင် အထူးပင်ယုံကြည်အားထားရသူဖြစ် ကြောင်း တပ်သတင်းရင်းမြစ်များထံက သိရသည်။
ယာယီအပစ်ရပ်စဲထားသည့် လေးရက်တာကာလအတွင်း စစ်တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ် စိုးတင့်ကို တိုင်းမှူးရာထူးမှဖြုတ်ချ၍ ဗိုလ်မှူးချုပ်စိုးလှိုင်ကို တိုင်းမှူးအသစ်ဖြစ် အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
“အပစ်ရပ်ထားတာတောင်မှ ထိုးစစ်မဆင်နိုင်ဘူး။ မူလသိမ်းထားတဲ့ တပ်စခန်း အချို့ကိုလည်း ပြန်မယူနိုင်ဘူး။ ခံစစ်အတွက် လောက်လောက်လားလားပြစရာ စီမံချက်ကောင်းလည်း ထွက်မလာဘူးဆိုတဲ့ ပြစ်ချက်တွေနဲ့ တိုင်းမှူးစိုးတင့်ကို အနားပေးလိုက်တယ်လို့ သိရတယ်။ အခုထပ်ခန့်တာကလည်း စစ်ခေါင်းဆောင် အဓိကယုံကြည်နေတဲ့ လူယုံစစ်စစ်ဖြစ်တယ်။ လောလောဆယ်တော့ ဆာလာအိတ်နဲ့ ခံစစ်ပြင်ဖို့ လုပ်နေတယ်ပေါ့ဗျာ” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗိုလ်မှူးချုပ်စိုးလှိုင်သည် စစ်တိုင်းမှူးအဖြစ်ခန့်အပ်ခံရပြီး ချက်ချင်းပင် လားရှိုးမြို့သို့ လေယာဉ်ဖြင့် ဆာလာအိတ်တစ်သိန်းကို ပို့ဆောင်၍ ခံစစ်အတွက်ပြင်ဆင်ခဲ့ပြီး စစ်ကူနှင့် လက်နက်ရိက္ခာများကိုလည်း လေကြောင်းဖြင့်ပင် ပို့ဆောင်ဖြည့်တင်းမှုများ ပြုလုပ်ခဲ့ သည်ဟု ဆိုသည်။
လက်ရှိတွင် လားရှိုးမြို့ရှိ ရှေ့မြောက်တိုင်းစစ် ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) က ဦးတည်တိုက်ခိုက်နေပြီး ယမန်နေ့ ဇူလိုင် ၁၉ ရက်နေ့ ညပိုင်းက ဒရော့ဗုံးများဖြင့်ပါ တိုက်ခိုက်နေကြောင်း သိရသည်။
ထို့အပြင် လားရှိုးမြို့အဝင် စစ်ကောင်စီ၏ ခလရ (၄၁) အနီး လားရှိုးမြို့အဝင်မုခ်ဦးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီလေယာဉ်များ ပျံဝဲနေကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ-ရမခတိုင်းမှူးဖြစ်လာသူ ဗိုလ်ချုပ်စိုးလှိုင် (ပုံဟောင်း)
#ရှမ်းမြောက် #လားရှိုး #စစ်ကောင်စီ #ရှေ့မြောက်တိုင်း #စစ်ဌာနချုပ် #ညီနောင်မဟာမိတ် #MNDAA #တိုက်ခိုက် #တိုင်းမှူး #အသစ် #အစားထိုး #Ayeyarwaddy_Times