ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်

တော်လှန်ရေးတပ်ဖွဲ့များသည် “၁၀၂၇ စစ်ဆင်ရေး” အဆက် ရှမ်းမန်းစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်းအတွင်းကိုပါ တိုက်ပွဲများဖော်ဆောင်ခဲ့ရာ စစ်ကောင်စီက မန္တလေးမြို့တွင် အပြင်းအထန် ခံစစ်ဆင်လျက်ရှိကြောင်း သိရသည်။

ရှမ်းမြောက်တွင် ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့က စတင်ပြီး စစ်ဆင်ရေးများ စတင်ခဲ့ပြီး အဆိုပါ စစ်ဆင်ရေးနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကလည်း မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များမှ စစ်ကောင်စီတပ်များကို အပြင်းအထန် တိုက်ခိုက် ခဲ့ကြသည်။

ပြီးခဲ့သည် ဇူလိုင် ၁၇ ရက်နေ့က မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူး မြို့နယ်တစ်ခုလုံးကို MDY-PDF က သိမ်းပိုက်ခဲ့ပြီးနောက် မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်၊ ပုသိမ်ကြီး မြို့နယ် များတွင်ပါ တိုက်ပွဲကူးစက်လာသည့်အတွက် စစ်ကောင်စီက မန္တလေးမြို့ပေါ်တွင် ခံစစ် အင်အား အထူးဖြည့်တင်းထားကြောင်း သိရသည်။

စစ်ကောင်စီသည် မန္တလေးတောင်ပေါ်ရှိ ဆိုင်ခန်းအချို့ကို ပိတ်သိမ်းခိုင်းပြီး မန္တလေးတောင်ပေါ်တွင် စခန်းချ၍ တပ်စွဲမှုများ ပြုလုပ်လိုက်ကြောင်း သိရသည်။

“၁၄ ရက်နေ့ကတည်းက တောင်ပေါ်မှာရှိတဲ့ ဈေးသည်တွေကို ဆင်းခိုင်းတာ။ တိုက်ပွဲက မြို့နဲ့နီးလာတော့ ပိုပြီးစစ် ဆေးတာတွေ၊ နေရာယူတာတွေ ပိုလုပ်လာတယ်။ အထပ်မြင့် တွေမှာ နေရာယူပြီး ခံစစ်ပြင်ထားတယ်” ဟု မန္တလေးမြို့နေ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် မန္တလေးမြို့ ၇၈×၃၃ လမ်းထောင့်ရှိ အိုရှင်း စင်တာပေါ်တွင်လည်းကောင်း၊ ၇၈×၄၂ လမ်းရှိအထပ် မြင့်တိုက်များပေါ်တွင်လည်းကောင်း လက်နက်များတပ်ဆင်၍ တပ်စွဲထားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် လူနေတိုက်ခန်းများဖြစ်သည့် မြရည်နန္ဒာတိုက်ခန်း အပေါ်ဆုံးထပ် ဈေးချိုအနီးရှိ မန်းပလာဇာ၊ ကမ်းနားလမ်း ညောင်ကွဲဘုန်းကြီးကျောင်း၊ ဇေယျာထွန်း ဈေး တိုက်ခန်းအပေါ်ထပ်တို့တွင်လည်း စနိုက်ဘာများတပ်ဆင်၍ စစ်ကောင်စီက နေရာယူထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့က ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး အယ်လ်ဖာဘိလပ်မြေစက်ရုံမှ ကစဉ့်ကလျားထွက်ပြေး လွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ် ဖွဲ့များက လိုက်လံတိုက်ခိုက်ရာ ပုသိမ်ကြီးမြို့နယ်အတွင်း၌ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအရှိန်သည် မန္တလေးမြို့နှင့် ပိုမိုနီးကပ်လာပြီဖြစ်သည့်အတွက် စစ်ကောင်စီက တိုက်ပွဲသတင်းပြောဆိုသူ များကိုပင် ကောလာဟလဖြန့်ဝေသည်ဟုဆိုကာ ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နေသော်လည်း ၎င်းတို့ကိုယ်တိုင် ခံစစ်အတွက် အပြင်းအထန် အထူးပြင်ဆင်လျက်ရှိသည်။

မန္တလေးမြို့အတွင်း အထပ်မြင့်တိုက်များနှင့် မန္တလေး တောင်ပေါ်တွင်သာမက ရန်ကင်းတောင်နှင့် အခြားအမြင့်ပိုင်း ဘုရားစေတီများတွင်ပါ စစ်ကောင်စီက တပ်စွဲစခန်းချထားကြောင်း သိရသည်။
#မန္တလေး #စစ်ကောင်စီ #ခံစစ်ပြင်ဆင် #Ayeyarwaddy_Times