နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်

မြန်မာ့အရေးတွင် တရုတ်နိုင်ငံ၏ လွမ်းမိုးနေမှုကို လျှော့ချထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီနှင့် အိန္ဒိယအစိုးရတို့ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုပူးပေါင်းများဖြင့် ကြိုးပမ်း လုပ်ဆောင်လာကြောင်း လေ့လာစောင့်ကြည့်သူများက သုံးသပ်ထောက်ပြသည်။

စစ်ကောင်စီသည် ၎င်းတို့ကို မရှုမလှ စစ်ရှုံးအထိနာစေသည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှစ၍ တရုတ်အပေါ် သဘောထား ဆက်ဆံမှုများ ပြောင်းလဲ လာပြီး အိန္ဒိယနှင့် ပိုမိုထိတွေ့ ဆက်ဆံမှုသည် ယခု ၂၀၂၄ ခုနှစ်အတွင်း သိသာထင်ရှား လာကာ တွေ့ဆုံမှုများကို ခပ်စိပ်စိပ် ပြုလုပ်လာသည်။

အိန္ဒိယအနေဖြင့် တရုတ်နိုင်ငံကို စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အစစအရာရာ အမြဲယှဉ်ပြိုင် ထိုးနက်ရန် ကြိုးစားနေပြီး မြန်မာ့အရေးတွင် တရုတ်၏ ပါဝင်ကြိုးစားမှုကို ၎င်းနှင့် စစ်ကောင်စီတို့က သဘောကျ ကြိုက်နှစ်သက်ခြင်းမရှိသည့်အတွက် အပြန် အလှန် ထိန်းညှိလို၍ အကျိုးအမြတ်ကြောင့် ပိုမိုပူးပေါင်းလာသည်ဟု မြင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းတက္ကသိုလ်သမဂ္ဂမှ ဆလိုင်းထွန်းလင်းအောင်က ဆိုသည်။

“စစ်ကောင်စီဘက်ကလည်း တရုတ်ရဲ့ လွမ်းမိုးမှုကို လျှော့ချချင်တယ်။ သို့သော် အဖက်ဖက်ကနေ အကူညီတွေလည်းရထား၊ အပြီးသတ်ကြီး ရုန်းထွက်ဖို့ဆိုတာ စစ်ကောင်စီအတွက် အတော်လေး ခက်ခဲတဲ့ အနေအထားမှာရှိတယ်။ အဲ့အတွက် လိမ္မာပါးနပ်စွာနဲ့ ဖြည်းဖြည်းချင်းသွားပြီး တရုတ်အပေါ် ဆက်ဆံရေးကို လျော့ချချင်တာ ဖြစ်တယ်” ဟု ဆလိုင်းထွန်းလင်းအောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီနှင့် အိန္ဒိယ ဆက်ဆံရေးသည် တရုတ်၊ ရုရှားတို့ထက်ပင် နှစ်ဖက်တွေ့ဆုံမှု များပြားနေပြီး ဇူလိုင် ၁၆ ရက်က စစ်ကောင်စီအဖွဲ့ဝင် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးတို့ တွေ့ဆုံရာတွင်လည်း စစ်ဘက်ဆိုင်ရာများ ပိုမိုပူးပေါင်းဆောင်ရွက်ရေး တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာအဘ်ဟေးတာကူးရ်သည် ဇူလိုင် ၁၅ ရက်နေ့နှင့် ဇူလိုင် ၁၆ ရက်နေ့ ၂ ရက်အတွင်း စစ်ကောင်စီ၏ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးအပါအဝင် စစ်ကောင်စီ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်တို့နှင့် တွေ့ဆုံကာ ကဏ္ဍစုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အိန္ဒိယအစိုးရအနေဖြင့် ယခုတလော ထွက်ပေါ်နေသည့် တရုတ်နိုင်ငံက မြန်မာ့အရေး ပြဿနာကို အဖြေရှာနိုင်ရေးအတွက် ဖိအားပေးခြင်းအပြင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တာဝန်ရှိသူများနှင့် တွေ့ဆုံမှုများ ပြုလုပ်လာသည် ဆိုသော သတင်းများ ကို အခြေခံ၍ ယင်းအခြေအနေအား စောင့်ကြည့်သည့် ပုံစံမျိုး တွေ့မြင်ရကြောင်း India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“အိန္ဒိယအနေနဲ့ စစ်ကောင်စီကိုရော၊ တော်လှန်ရေး အင်အားစုကိုရော ဘယ်လို စနစ်တကျ မူဝါဒကို အခြေခံပြီးတော့ ချဉ်းကပ်မလဲ ဆိုတဲ့ဟာ သူတို့မှာ ဒီနေ့အချိန်ထိ ရှင်းရှင်းလင်းလင်း ရှိမနေသေးဘူး။ အဲဒီလို ဖြစ်တဲ့အခါကျတော့ တရုတ်က မြန်မာ့ အရေးကို အဖြေရှာမှုပိုင်းတွေဘာတွေ လုပ်လာတဲ့အခါကျတော့ အိန္ဒိယအနေနဲ့ မကျန်ခဲ့ အောင်ဆိုတဲ့ ပုံစံမျိုးနဲ့ တရုတ်လုပ်သမျှတွေကို လိုက်လုပ်နေတဲ့ အနေအထားဖြစ်တယ်” ဟု ဆလိုင်းဒိုခါရ်က ဆိုသည်။

ထို့အပြင် ဒုစစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီး၊ ရင်းနှီးမြှုပ်နှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးတို့နှင့် လည်း ပြီးခဲ့သည့်ဇွန် နောက်ဆုံးအပတ်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုများအတွင်း နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တပ်မတော် နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ရွေးကောက်ပွဲ ကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရေး စသည်တို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် ယင်းတို့အပေါ် တရုတ်နှင့် အိန္ဒိယထားသော မူဝါဒပိုင်းအား ယှဉ်ကြည့်၍ အိန္ဒိယအနေဖြင့် ၎င်းတို့၏ အချုပ်အချာ အာဏာအထိ ဝင်ရောက် စွက်ဖက်ရန် မရှိသော်လည်း တရုတ်အစိုးရကမူ ထိုကဲ့သို့မဟုတ်ဘဲ ထိပ်ပိုင်းခေါင်းဆောင် များ၏ သြဇာအာဏာအထိ ထိခိုက်နိုင်သည်ကို ကြိုမြင်နေကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ချင်းတက္ကသိုလ်သမဂ္ဂမှ ဆလိုင်းထွန်းလင်းအောင်က ဆိုသည်။

“အဲအတွက် တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် ပါဝင်မှုထက် အန္ဒိယရဲ့ ပါဝင်မှုကို ပို သဘော ကျတာ ဖြစ်တယ်။ အဲ့ဒီအတွက် စစ်ကောင်စီအနေနဲ့ တရုတ်နဲ့ ဆက်ဆံရေးကို အတိုင်းအတာတစ်ခုထိ လျှော့ချနိုင်မလားဆိုတဲ့ မျော်လင့်ချက်နဲ့ အိန္ဒိယဖက်ကို တိုးချဲဆက်ဆံနေတာလို့ မြင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် အိန္ဒိယအစိုးရအနေဖြင့် စစ်ဘက်သုံးပစ္စည်းများ ရောင်းချမှုအပြင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များကိုလည်း အိန္ဒိယကာကွယ်ရေးဆိုင်ရာ အခမ်းအနားများနှင့် စစ်ဘက်လေ့ကျင့်ရေး သင်တန်းများ တက်ရောက်နိုင်ရန် ကူညီပံ့ပိုးနေပြီး စစ်ကောင်စီကို လက်နက်တင်ပို့ ရောင်းချရာ၌ ရုရှား၊ တရုတ်ပြီးလျှင် အိန္ဒိယသည် တတိယနေရာတွင် ရှိနေကြောင်း Justice for Myanmar (JMF) က ထုတ်ပြန်ထားသည်။

“အိန္ဒိယရဲ့ စွမ်းဆောင်ရည်ကို ကမ္ဘာ့အဆင့်မှာ အခုလက်ရှိ အခြေအနေအရဆိုရင် ဘယ်နိုင်ငံကမှ သိပ်ယုံမယ်လို့ မထင်မိဘူး။ မြန်မာ့အရေးနဲ့ ပတ်သက်ရင်လည်း သူ့အနေနဲ့ သီးခြားမူဝါဒ မထားရှိသရွေ့ကတော့ တရုတ်လုပ်သမျှ လိုက်လုပ်နေတဲ့ အခြေအနေ၊ ရှက်စရာကောင်းတဲ့ လုပ်ဆောင်ချက်တွေလို့ပဲ မြင်ပါတယ်။ ဒီဟာက သူ့အတွက် ရေရှည်မှာ လုံးဝမကောင်းဘူး” ဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ဆိုသည်။

ဓာတ်ပုံ – စစ်ကောင်စီ

#တရုတ်လွှမ်းမိုးမှု #လျှော့ချထိန်းချုပ် #စစ်ကောင်စီ #အိန္ဒိယ #ပူးပေါင်းကြိုးပမ်းနေ #Ayeyarwaddy_Time