ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်

မြန်မာစစ်ကောင်စီက စစ်လက်နက်တွေ ဝယ်ယူဖို့ အသုံးပြုတဲ့ ငွေကြေးလွှဲပြောင်းမှုတွေနဲ့ပတ် သက်လို့ ထိုင်းအစိုးရက ထိုင်းဘဏ်တွေနဲ့ ဆွေးနွေးဖို့ စီစဉ်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန် ဂီရမ်ပွန်ဆာက ပြောပါတယ်။

ထိုင်းဘဏ်တွေက လုပ်ထုံးလုပ်နည်းတွေကို လိုက်နာခဲ့ပေမယ့် စစ်လက်နက်ဝယ်ယူမှုအတွက် အသုံးပြုခဲ့တဲ့ ငွေကြေးလွှဲပြောင်းမှုအားလုံးကို စုံစမ်းစစ်ဆေးနိုင်တဲ့စွမ်းရည် မရှိခဲ့ဘူးလို့ ဘဏ်ကိုယ်စား လှယ်တွေက ပြီးခဲ့တဲ့အပတ်အတွင်း အောက်လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ထိုင်းဘဏ်တွေမှတစ်ဆင့် စစ်လက်နက်ဝယ်ယူမှုဟာ ၂၀၂၂ ခုနှစ်မှာ ဒေါ် လာ သန်း ၆၀ မှ ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ သန်း ၁၂၀ အထိ မြင့်တက်လာခဲ့တယ်ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးရဲ့ အစီရင်ခံစာကို ၎င်းတို့က အခုလို တုံ့ပြန်ခဲ့တာပါ။

ငွေကြေးလွှဲပြောင်းမှုအချို့မှာ စစ်ကောင်စီက အရပ်သားတွေအပေါ် တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ စစ်လက်နက်တွေ ဝယ်ယူတာလည်း ပါဝင်ခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဇူလိုင်လ ၂၄ ရက်မှာပြုလုပ်မယ့် အစည်းအဝေးက ဘဏ်တွေဟာ စည်းမျဉ်းစည်းကမ်း လိုက်နာ မှု ရှိ မရှိနဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို ဆန်းစစ်လေ့လာမှု ရှိ မရှိ ဆွေးနွေးဖို့ရည်ရွယ်တယ်လို့ မာရစ်က ကြာသပတေးနေ့မှာ လွှတ်တော်သို့ ပြောကြားခဲ့ပါတယ်။

စစ်လက်နက်နဲ့ဆက်စပ်သော ငွေကြေးလွှဲပြောင်းပေးမှုတွေနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် Srettha Thavisin ထံမှ ဖြေရှင်းချက်တွေ တောင်းခံခဲ့တဲ့ အောက်လွှတ်တော် အမျိုးသားလုံခြုံရေးကော်မတီဉက္ကဌ အတိုက်အခံ Move Forward Party လွှတ်တော်အမတ် ရန်စီမန်ရိုမီရဲ့ မေးမြန်းမှုကို ၎င်းက ဖြေကြားခဲ့ တာပါ။

လူ့အခွင့်အရေးချိုးဖောက်တဲ့ ဘဏ်ငွေကြေးလွှဲပြောင်းမှုတွေကို ပံ့ပိုးတဲ့မူဝါဒ ထိုင်းနိုင်ငံမှာ မရှိခဲ့ သလို မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တာကို မထောက်ခံခဲ့ဘူးလို့ မာရစ်က ပြောပါတယ်။

မြန်မာစစ်ကောင်စီနဲ့ဆက်စပ်တဲ့ ကုမ္ပဏီတွေရဲ့ အချက်အလက်တွေကိုရရှိဖို့ ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ စဉ်းစားနေတယ်လို့ ထိုင်းဗဟိုဘဏ်က ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Government and banks to discuss screening Myanmar deals

#Ayeyarwaddy_Times