
ဧရာဝတီတိုင်းမ်
(မဲဆောက်)၊ ဇူလိုင် ၁၉ ရက်
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တစ်နေရာတွင် ယနေ့ ဇူလိုင် ၁၉ ရက်(အာဇာနည်နေ့) ၌ အိမ်တွင်းအကြမ်းဖက်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် မထက်ထက်ဇော်၏ နာရေးကို သေဆုံးပြီး သုံးလအကြာတွင် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
မထက်ထက်ဇော်၏ နာရေးအခမ်းအနားကို မဲဆောက်မြို့တစ်နေရာရှိ ဘုန်းကြီး ကျောင်းတစ်ခုတွင် ကျင်းပပြုလုပ်ကာ မီးသင်္ဂြိုဟ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့် အရိုးပြာများကို သောင်းရင်းမြစ်အတွင်းသို့ မျှောချခဲ့ ကြောင်း သိရသည်။
အိမ်တွင်းအကြမ်းဖက်ခံရသူ မထက်ထက်ဇော်၏ အလောင်းမှာ မဲဆောက် ဆေးရုံ ကြီးတွင် ပိုင်ရှင်မဲ့အလောင်းအဖြစ် သုံးလကျော်ကြာ ရှိနေခဲ့ရပြီးနောက် Sisters to Sisters အဖွဲ့မှ မထိပ်ထား၏ ဦးဆောင်ဖော်ထုတ်မှုဖြင့် လူသတ်တရားခံကို ဖမ်းမိခဲ့ ပြီးနောက် ယခုကဲ့သို့ မီးသင်္ဂြိုဟ်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ၏ရုပ်အလောင်းကို ထုတ်ယူစဉ် စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံး၏ ဖိအားပေးတားမြစ်မှုကိုကြုံရသော်လည်း ထုတ်ယူခွင့်ရရှိခဲ့ကြောင်း Sisters to Sisters အဖွဲ့မှ မထိပ်ထားက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မီးသင်္ဂြိုဟ်ခဲ့သည့် မထက်ထက်ဇော်၏ အသုဘ အခမ်း အနားကို ပြည်တွင်းရှိ သူမ၏မိသားစုဝင်များမှာ အွန်လိုင်းမှတဆင့်သာ တက်ရောက်ခဲ့ ရကြောင်း သိရသည်။
မထက်ထက်ဇော်သည် စင်ကာပူမှ မဲဆောက်မြို့ရှိ ၎င်း၏ခင်ပွန်းဖြစ်သူ တော်လှန်ရေး တပ်ဖွဲ့ဝင်ဟောင်း ၀ဠာဆီသို့ လာရောက်စဉ် အိမ်တွင်းအကြမ်းဖက်ခံရကာ ရိုက်နှက် ထိုးကြိတ်မှုကြောင့် ပြီးခဲ့သည့် ဧပြီ ၆ ရက်နေ့က သေဆုံးခဲ့ရခြင်းဖြစ်သည်။
ဓာတ်ပုံ – မထိပ်ထား
#မဲဆောက် #နာရေးပြုလုပ် #မထက်ထက်ဇော် #အိမ်တွင်းအကြမ်းဖက် #သေဆုံး #Sisterstosisters #Ayeyarwaddy_Times