ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်

ဧရာဝတီတိုင်းအတွင်းရှိ ဧရာဝတီမြစ်၊ ငဝန်မြစ်နှင့် တိုးမြစ်ရေသည် လာမည့် ရက်ပိုင်း အတွင်း စိုးရိမ်ရေမှတ်အထက်တွင် တည်ရှိနေမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနထံ(မိုး/ဇလ)ထံက သိရသည်။

ဟင်္သာတမြို့ရှိ ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် ၄၄ ပေဖြစ်ကာ လက်ရှိတွင် ၄၇ ပေထိရောက်ရှိနေသဖြင့် စိုးရိမ်ရေမှတ်ထက် ၃ ပေကျော်လွန်နေပြီး လာမည့် ၁ ရက် အတွင်း ၃ လက်မခန့်ရေကျမည်ဖြစ်ကာ စိုးရိမ်ရေမှတ်အထက်တွင် တည်ရှိနေမည် ဖြစ်ကြောင်းသိရသည်။

ဆိပ်သာမြို့ရှိ ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် ၃၉ ပေဖြစ်ကာ လက်ရှိတွင် ၄၃ ပေအထိရောက်ရှိနေသဖြင့် စိုးရိမ်ရေမှတ်ထက် ၄ ပေကျော်လွန်နေပြီး လာမည့် ၁ ရက်အတွင်း ၃ လက်မခန့်ရေပြန်ကျမည်ဖြစ်သော်လည်း စိုးရိမ်ရေမှတ်ထက် ကျော်လွန် နေဦးမည်ဖြစ်သည်။

ဇလွန်မြို့ရှိ ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် ၃၈ ပေဖြစ်ကာ လက်ရှိတွင် ၄၁ ပေထိရောက်ရှိနေရာတွင် စိုးရိမ်ရေမှတ်ထက် ၃ ပေကျော်လွန်နေကာ လာမည့် ၁ ရက်အတွင်း ၂ လက်မခန့်ရေကျမည်ဖြစ်ကြောင်း မိုး/ဇလ ထံက သိရသည်။

စစ်ကောင်စီက ထုတ်ပြန်ပေးနေသော မြစ်ရေကြီးသည် မြို့ကြီးများတွင် ဧရာဝတီတိုင်းရှိ မြန်အောင်မြို့မပါဝင်သော်လည်း လက်ရှိတွင် မြန်အောင်မြို့အတွင်း ဧရာဝတီမြစ် ရေတက်၍ စာသင်ကျောင်းများပိတ်ထားရပြီး လူနေအိမ်များမှ ပြောင်းရွှေ့နေရကြောင်း သိရသည်။

ထို့ပြင် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ် ၃၈ ပေထက် တစ်ပေ ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ၄ လက်မခန့်မြင့်တက် လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှူးဦးစီးဌာနက ထုတ်ပြန်သည်။

ယင်းပြင် တိုးမြစ်ရေသည် မအူပင်မြို့တွင် စိုးရိမ်ရေမှတ် ၇၂၀ စင်တီမီတာရှိသဖြင့် လက်ရှိတွင် ၇၁၃ စင်တီမီတာရောက်ရှိပြီး လာမည့်တစ်ရက်အတွင်း ၄ လက်မခန့် မြင့်တက်မည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေမြင်တက်မှုကြောင့် မြစ်ကြောင်းတစ်လျှောက်ရှိ မြို့ရွာများ နှင့် မြစ်ကမ်းနားအနီးတွင် နေထိုင်သည့် ဒေသခံပြည်သူများရေးဘေးရှောင်နေရပြီး စားနပ်ရိက္ခာလိုအပ်ချက်များ ရှိနေကြောင်း လူမှုကူညီရေးအသင်းများထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ဟင်္သာတမြို့ရှိ ကမ်းနားအနီးရေကြီးနေစဉ်
#ဧရာဝတီတိုင်း #မြစ်များရေကြီး #ဧရာဝတီမြစ် #ငဝန်မြစ် #တိုးမြစ် #စိုးရိမ်ရေမှတ် #Ayeyarwaddy_Times