
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်တွင် စစ်ကောင်စီက တပ်ဖွဲ့ဝင် အင်အား ၃၀၀ခန့်ကို စုစည်းထားရှိပြီး ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင် ၁၈ရက်နေ့တွင် စစ်ကောင်စီက ဂျိတ္တောဒေသခံ အားလုံးနီးပါးကို ဖမ်းဆီးထားလိုက်ပြီး ရပ်ကွက်အတွင်း ခုခံစစ်ပြင်ဆင်နေကြောင်း သိရသည်။
“ဂျိတ္တောက ရပ်ကွက်ထဲဝင်ပြီး မြင်သမျှအကုန် ဖမ်းသွားတာ။ အခု ရပ်ကွက်ထဲမှာ စစ်တပ်က အထိုင်ချ ထားတယ်။ အိမ်ပေါ်ကလူတွေလည်း ဆွဲချဖမ်းသွားသလို လမ်းမှာတွေ့သမျှကိုလည်းဖမ်းတယ်။ ဖမ်းထားတဲ့သူတွေကို ဘယ်မှာ စုထားလဲတော့ မသိသေးဘူး။ အဆက်အသွယ်မရဘူးလေ” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၆ရက်နေ့က သံတွဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို အာရက္ခတပ်တော် (AA) က ရှင်းလင်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များသည် ဂျိတ္တောရပ်ကွက်တွင် စုစည်းပြီး ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။
သံတွဲမြို့ပြန်လည်ရရှိစေရေးအတွက် မောင်ရွှေလေး ရေတပ်စခန်း၌လည်း ဧရာဝတီတိုင်းမှစစ်ကူများကို အင်အားဖြည့်တင်းထားပြီး ရေတပ်စခန်းနှင့် ၁၀မိုင်အကွာက ဇလွန်ရွာ ဘုန်းကြီးကျောင်းတွင်လည်း အင်အား ၁၅၀ခန့်ဖြင့် စစ်ရေးပြင်ဆင်နေကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၁၉ရက် နေ့လယ် ၁နာရီကျော်ခန့်ကလည်း မောင်ရွှေလေး ရေတပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် သံတွဲမြို့ အထွက် မဲနယ်ကွင်းရွာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ သံတွဲလေဆိပ်ကို ပြီးခဲ့သည့် ဇူလိုင် ၇ရက်နေ့က AAက သိမ်းပိုက်ခဲ့ပြီး သံတွဲမြို့ အခြေစိုက် ခမရ -၅၆၆နှင့် ခလရ – ၅၅ တပ်ရင်းများကိုပါ သိမ်းယူကာ သံတွဲမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
စစ်ကောင်စီonf သံတွဲမြို့ ပြန်လည်ရရှိစေရေး ခုခံစစ်များပြင်ဆင်လာပြီး စစ်မှုထမ်းဥပဒေနှင့် အတင်း အဓမ္မ သင်တန်းပေးခေါ်ဆောင်ထားသည့် သင်တန်းသားသစ်များကိုပါ သံတွဲတိုက်ပွဲတွင်အသုံးပြုလာကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
#သံတွဲ #စစ်ကောင်စီ #ဂျိတ္တောရပ်ကွက် #ခံစစ်ပြင် #ဒေသခံများ #ဖမ်းဆီးခံရ #Ayeyarwaddy_Times