
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်
ချင်းပြည်နယ်(မြို့တော်) ဟားခါးအပါအဝင် ဖလမ်း၊ ကန်ပက်လက်နှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့တို့တွင် နှစ်ပတ်(၁၄ရက်)ကျော်ကြာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ဒေသခံများ အခက်ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
ချင်းပြည်နယ် နှင့် ကလေးမြို့နယ်တို့တွင် အဓိက ဓာတ်အား ဖြန့်ဖြူးနေသည့် အုန်းတော – ညောင်ပင်ကြီး ချောင်းကူးဓာတ်အားခွဲ 230 Kv ရုံ ပျက်စီးသွားသောကြောင့် ဇူလိုင်လ ၄ ရက်နေ့မှစ၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လျှပ်စစ်ဓာတ်အား ပြတ်တောက်မူကြောင့် လျှပ်စစ်မီးကို အသုံးပြု၍ လုပ်ငန်းလည်ပတ်နေသည့် အသေးစား၊ အလတ်စား လုပ်ငန်းများနှင့် အိမ်တွင်း ထမင်းချက်ပြုတ်ရာနှင့် ရေတင်ရာတွင်လည်း အခက်ကြုံတွေ့နေရကြောင်း သိရသည်။
“ကလေးမြို့မှာတော့ လျှပ်စစ်မီးမလာလို့ ထမင်းချက်ပြုတ်ရာမှာဖြစ်ဖြစ်၊ ရေတင်ရာမှာဖြစ်ဖြစ်အတော် ဒုက္ခရောက်ရတယ်။ ရေတင်ဖို့ စက်ငှားရတယ်။ ထမင်းချက်ပြုတ်ဖို့အတွက်လည်း မီးသွေးတွေ ဝယ်ရတယ်။ အခု မီးသွေးစျေးတွေရော ဓာတ်ဆီစျေးတွေပါ အတော်စျေးတက်နေတယ်။ မီးမလာတာလည်း နှစ်ပတ်ကျော်နေပြီ။ ဒီအခေါက် မီးမလာတာ ဆိုးဆိုးဝါးဝါးဖြစ်သွားတယ်” ဟု ကလေးမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် လျှပ်စစ်မီးပြတ်သည့်အတွက် ဆေးရုံများတွင် ခွဲစိတ်ကုသရန်အတွက် လူနာများ ရက်အကြာကြီး စောင့်ဆိုင်းနေရကြောင်း လူနာများထံက သိရသည်။
“ခြေထောက်ခွဲစိတ်ဖို့အတွက် မီးမလာလို့ စောင့်နေရတာပါ။ တခြားလူနာတွေလည်း အဲ့အတိုင်းဘဲ စောင့်နေကြပါတယ်။ အရေးပေါ်လူနာတွေမှသာ ဆေးရုံက စက်နိုးပြီး ခွဲစိတ်ပေးတယ်။ ကျွန်တော်တို့လည်း မြန်မြန်ခွဲစိတ်ကုသချင်ပြီ” ဟု ဟားခါးခရိုင်ဆေးရုံမှ လူနာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ ဖလမ်းနှင့် ကန်ပက်လက်မြို့တွင်လည်း လျှပ်စ်မီးပြတ်သောကြောင့် မြို့ခံများသည် ထမင်းဟင်းကို ထင်းနှင့် မီးသွေးကိုသာ အသုံးပြုချက်ပြုတ်နေရပြီး ရေကို ချောင်းနှင့် တွင်းရေကန်များမှ ခပ်ပြီးအသုံးပြုနေရကြောင်း သိရသည်။
#ချင်းပြည်နယ် #ကလေးမြို့နယ် #လျှပ်စစ်ဓာတ်အားပြတ်တောက် #ဒေသခံများအခက်တွေ့ #Ayeyarwaddy_Times