
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တောင်တန်းကုန်းကျေးရွာတွင် ဒေသခံအမျိုးသမီးတစ်ဦးက တော်လှန်ရေးအဖွဲ့ထောက်ပို့ပစ္စည်းများ လက်ခံထားသည်ဟုဆိုကာ ပြီးခဲ့သည့် ဇူလိုင်လ၁၇ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ၎င်းပိုင်ဆိုင်သည့် ဂိုဒေါင်ကိုပါ ချိတ်ပိတ်သွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
တောင်တန်းကုန်းကျေးရွာမှ အသက်၄၀ နှစ်အရွယ်ရှိ ဒေသခံဒေါ်စန်းစန်းဦးဆိုသူအား တော်လှန်ရေးအဖွဲ့ထောက်ပို့ပစ္စည်းများ လက်ခံထားသည်ဟုအကြောင်းပြ၍ စစ်ကောင်စီတပ်နှင့်မြို့နယ်ရဲတပ်ဖွဲ့မှ နေအိမ်သို့လာရောက်ကာ ရိုက်နှက်ဖမ်းဆီးပြီး ပုသိမ်မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့ရသည့် ကျေးရွာဒေသခံများထံက သိရသည်။
“ မစန်းစန်းဦးပိုင်တဲ့ဂိုဒေါင်မှာ PDF အဖွဲ့ထောက်ပို့ပစ္စည်းတွေရှိတယ်ဆိုပြီးတော့ ရဲတွေနဲ့စစ်သားတွေလာပြီးစစ်သွားတယ်။ နောက်ပြီးဂိုဒေါင်ကိုဖွင့်စစ်တာ ဘာမှမတွေ့လို့ အစ်မကိုပဲမြို့ထဲ ဖမ်းခေါ်သွားတယ်။ လာဖမ်းတုန်းက အစ်မစန်းစန်းဦးကို ရိုက်နှက်ပြီးမှအရပ်ကားတစ်စီးပေါ် တင်ခေါ်သွားတာတွေ့လိုက်ရတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သည့် တောင်တန်းကုန်းကျေးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းသို့ဖမ်းဆီးခံရသော ဒေါ်စန်းစန်းဦးကို ပုသိမ်မြို့မရဲစခန်း၌ ထိန်းသိမ်း၍ စစ်ကြောရေးလုပ်ဆောင်နေပြီး ဇူလိုင်လ၁၈ရက်နေ့နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ၎င်းပိုင်ဆိုင်သောဂိုဒေါင်အားချိတ်ပိတ်သိမ်းဆည်းသွားခဲ့ပြီး ယနေ့အချိန်အထိ မိသားစုဖြင့် တွေ့ဆုံခွင့်မရရှိကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်များထံကသိရသည်။
“ အခုထိ အစ်မနဲ့တွေ့ခွင့်မရဘူးဖြစ်နေတယ်။ ပုသိမ်မြို့မရဲစခန်းမှာစစ်ကြောရေးလုပ်နေတာပဲသိထားတာ။ အထဲမှာဘာတွေဖြစ်နေပြီလဲမပြောတတ်ဘူး။ စစ်ဆေးခံရတဲ့ဂိုဒေါင်ကိုလည်း လာပြီးဖမ်းပြီးနောက်တနေ့ပဲချိတ်ပိတ်ခံလိုက်ရတယ်”ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်ကစတင်၍ ပုသိမ်မြို့နယ်ရှိ မြို့တွင်းရပ်ကွက်နှင့် မြို့အနီးအနားကျေးရွာများအတွင်း တော်လှန်ရေးအဖွဲ့များကို ထောက်ပို့ပြုလုပ်နေသူများအား ဖော်ထုတ်ဖမ်းဆီးရန်အကြောင်းပြ၍ နေ့ရောညပါ ကင်းလှည့်မှုများပြုလုပ်နေကြောင်းသိရသည်။
#ပုသိမ် #ဒေသခံအမျိုးသမီး #PDF #ထောက်ပို့ပစ္စည်းများ #ဖမ်းဆီး #ဂိုဒေါင်ချိတ်ပိတ် #Ayeyarwaddy_Times