ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်

စစ်ကောင်စီ၏ ညွှန်ကြားမှုကြောင့် ရန်ကုန်မြို့ ဆူးလေ နှင့် လမ်း ၃၀ အနီးရှိ မြန်မာကုန်သွယ်မြှင့်တင်ရေးအဖွဲ့ ၊ ရန်ကုန်ဦးစီးမှူးရုံးတွင် ဆေးရောင်းပြပွဲပြုလုပ်လျက်ရှိကာ ယနေ့ ဇူလိုင် ၁၉ နှင့် ၂၁ ရက်နေ့တို့တွင် ဆေးရောင်းပွဲပိတ်ထားမည်ဖြစ်ပြီး ဇူလိုင် ၂၂ ရက်မှ ၃၁ ရက် (တနင်္လာနေ့မှ စနေနေ့) အထိ ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။

စစ်တပ်အာဏာသိမ်းထားသည့် သုံးနှစ်ကျော်အတွင်း ဆေးဝါးဈေးနှုန်းများ အဆမတန်မြင့်တက်လာနေပြီး အဆိုပါပြပွဲတွင် အများပြည်သူအသုံးများသည့် ဆေးဝါးများပါဝင်ခြင်းမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတွင် ဥက္ကဋ္ဌတာဝန်ယူထားသော AA Medical Products ကုမ္ပဏီမှ ရောင်းချပေးသောဆေးဝါးများတွင် လူသုံးများသည့်ဆေးနာမည်များ၊ နာတာရှည် ရောဂါသည်များ သောက်သုံးသည့်ဆေးများမပါဝင်ဘဲ ဗီတာမင်အားဖြည့်ဆေးများ၊ ကလေးအားဆေးများသာရောင်းချကြောင်းသိရသည်။

ပြင်ပမှဆေးဝါးပစ္စည်းအများဆုံးတင်သွင်းသည့်ဆေးကုမ္ပဏီဖြစ်သော DKSH ( မြန်မာ) မှ‌ ရောင်းချသောဆေးများတွင် ဒူးနာ၊ခါးနာလိမ်းဆေးများကိုသာ အဓိကရောင်းချကြောင်းသိရသည်။

“ လူကြီးတွေက ဆေးကတ်လေးတွေကိုင်ပြီးတော့ ဆေးလာဝယ်ကြတာတွေ့တယ်။ သူတို့လိုတဲ့ဆေးတွေမရပါဘူး။ အခုရောင်းတာက လူသုံးမများတဲ့ဆေးတွေပဲတွေ့တယ်။ ပါရာစီတမော့တံဆိပ်အသစ်တွေ့တယ်။ cetirizine လို ဆေးအမျိုးအစားအသစ်တွေ့တယ်။ ရောင်းတဲ့အားဆေးတွေက လူမသိတာတွေ လူသုံးမများတာတွေပဲတွေ့တယ်” ဟု ယမန်နေ့က ဆေးရောင်းပွဲသို သွားရောက်ခဲ့သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါဆေးရောင်းပြပွဲတွင် မြန်မာနိုင်ငံတွင်အဖြစ်များသော သွေးတိုးရောဂါသောက်ဆေး amlong 5 ရောင်းချနိုင်ခြင်းမရှိဘဲ ယင်းဆေးနှင့်အာနိသင်တူ ဆေးကတ်များကိုသာ အသိပေးရောင်းချနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင်ပါဝင်ရောင်းချသည့် ဆေးကုမ္ပဏီများသည် လူသုံးများသည့်၊ သုံးစွဲမှုများသည့်ဆေးဝါးပစ္စည်းများ ရောင်းချနိုင်ခြင်းမရှိဘဲ အားဖြည့်ဆေးများနှင့် လိမ်းဆေးများသာ ရောင်းချလျက်ရှိသည်။

စစ်ကောင်စီ အာဏာသိမ်းကာလတစ်လျှောက်လုံးတွင် ပြည်သူများသည် အိမ်သုံးဆေးဝါးအပါအဝင် နာတာရှည်ဆေးဝါးများ ဝယ်ယူရာတွင် ဆေးဈေးနှုန်းကြီးမြင့်ခြင်း၊ ဆေးဝါးပြတ်လပ်၍ လုံလောက်စွာဝယ်ယူနိုင်မှုမရှိခြင်းတို့ကြောင့် အရည်အသွေးနိမ့်ဆေးဝါးများကို သုံးစွဲနေကြရသည်။

စစ်ကောင်စီက ဆေးဝါးများမပြတ်လပ်ရေးနှင့် သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ဆေးများဝယ်ယူနိုင်ရန်အတွက် ဆေးကုမ္ပဏီများကို ကိုယ်တိုင်ဆေးဝါးများရောင်းချခိုင်းခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံက သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#စစ်ကောင်စီ #ဆေးရောင်းခိုင်း #လူသုံးများသောဆေး #အားဆေးများရောင်းချ #Ayeyarwaddy_Times