နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ အာဏာသိမ်းချိန်ကစလို့ ဒုသမ္မတ ဦးမြင့်ဆွေကို ယာယီသမ္မတ ရာထူးပေးပြီး အာဏာသက်တမ်းကို ခြောက်လတစ်ကြိမ် တိုးယူခဲ့ပါတယ်။ စစ်ခေါင်းဆောင်ဟာ ယခုအချိန်အထိ အာဏာသက်တမ်းတိုးယူခဲ့တာ ငါးကြိမ်ရှိလာပြီဖြစ်ပြီး ယခု ဇူလိုင်ကုန်မှာ ခြောက်လသက်တမ်းတိုး ကာလကုန်ဆုံးတော့မှာဖြစ်ပါတယ်။
ယမန်နေ့ ဇူလိုင် ၁၈ ရက်မှာတော့ စစ်ကောင်စီရဲ့ ရုပ်ပြ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေး အခြေအနေဟာ ဆိုးဝါးလာလို့ အခုလကုန်အထိ ခွင့်ယူကာ ဆေးကုနေတဲ့အကြောင်း ထုတ်ပြောခဲ့ပါတယ်။
စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းချိန်မှာ အရပ်သားအစိုးရရဲ့ သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးခဲ့ပြီး ဒုသမ္မတ ဟန်နရီဗန်ထီးယူကိုလည်း ကျန်းမာရေးကြောင့် မကြာသေးခင်က အနားယူခွင့် ပေးခဲ့တာမို့ ယာယီသမ္မတ ဦးမြင့်ဆွေသာ မရှိတော့ရင် သူရဲ့ခြောက်လ သက်တမ်းတိုးဟာ စိတ်ဝင်စားစရာဖြစ်လာပါတယ်။
ဒါကြောင့် မကြာခင်မှာ အာဏာသက်တမ်း ကုန်ဆုံးတော့မယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ဦးဆောင်စေပြီး သက်တမ်းတိုးနိုင်သလား။ ဒါမှမဟုတ် သူတို့ စိတ်ကြိုက် ရုပ်ပြသမ္မတ တစ်ဦးကို ရွေးချယ်ခန့်အပ်ပြီး သက်တမ်းတိုးနိုင်သလား။
ဒီအခြေအနေတွေကရော စစ်ကောင်စီ ခုတုံးလုပ် အသုံးချ၊ အားကိုးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီနေသလား ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းမ် သတင်းဌာနရဲ့ အကြီးတန်းသတင်းထောက် နိုင်မင်းလွင်က မြန်မာ့အရေး လေ့လာစောင့်ကြည့်သူများကို မေးမြန်းထားပါတယ်။
♦️နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်
အဲလောက် အခြေအနေအထိ စဉ်းစားနေစရာ မလိုဘူးထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဏာသုံးရပ်လုံး ကိုင်ထားတာပဲလေ။ ဆိုလိုတာက ဦးမြင့်ဆွေဆိုတာ ရုပ်ပြအဖြစ် သုံးတာပါ။ သူအနေနဲ့ လုပ်ငန်းတွေ လုပ်စရာလဲ မလိုပါဘူး။ ကာလုံအစည်းအဝေး တစ်ကြိမ်လောက် တက်ပေးရင် ရတာပဲလေ။
ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့ဗျာ။ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးကို အကြောင်းပြပြီးတော့ ဦးသိန်းစိန်ကို ဆွဲသွင်းလာမလားတော့ မသိဘူးပေါ့ဗျာ။ အဲဒါက လူတွေတော်တော်များများ ပေးနေကြတဲ့ ထင်ကြေးဖြစ်တာကိုး။ အဲဒီကိစ္စကလည်း တကယ်ကတော့ (စစ်ခေါင်းဆောင်) မင်းအောင်လှိုင်ကျေနပ်မှ ဖြစ်မယ့်ကိစ္စပါ။ ဒါမှမဟုတ် အဲဒီလိုလည်း လုပ်ချင်မှလုပ်မှာပါ။
အဲတော့ ဆိုလိုတာကတော့ အခုခြောက်လပြည့်လို့ ကာလုံသက်တမ်း တိုးလို့ရှိရင် မင်းအောင်လှိုင်အနေနဲ့ ဦးမြင့်ဆွေကို ရုပ်ပြလောက် ထိုင်ခိုင်းပြီးတော့ ကာလုံအစည်းအဝေးကို ဆက်ပြီး ကျင်းပတာလည်း ဖြစ်နိုင်ပါတယ်။ သိပ်ပြီး ထူးထူးခြားခြား စဉ်းစားနေရမယ့် အခြေအနေ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အခုက ဦးမြင့်ဆွေကိုယ်တိုင် ၂၀၀၈ အခြေခံဥပဒေနဲ့ ညီမှမညီတာ။ မညီပေမယ့် သူတို့က (စစ်ကောင်စီ) ရုပ်ပြထားတာကိုး။ အဲဒီတော့ သူတို့အတွက်က ၂၀၀၈ နဲ့ ညီစရာ မလိုပါဘူး၊ တစ်ယောက် ယောက်ကို ရုပ်ပြအနေနဲ့ ထားဖို့ပဲ လိုအပ်တာပါ။ ဒါကြောင့်မို့ အများကြီး စဉ်းစားနေစရာ မလိုဘူး။
==================
♦️ ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၃ (စ)(ဆ) မှာ ဘယ်လိုရေးထားသလဲဆိုတော့ ဒုသမ္မတတစ်ယောက်က အကြောင်းတစ်စုံတစ်ရာကြောင့် မလုပ်နိုင်ဘူးလို့ ပြောလာမယ်ဆိုရင် လွှတ်တော်ကျင်းပနေတဲ့ အချိန်ဆိုရင် (၇) ရက်အတွင်းမှာ ဒုသမ္မတတစ်ယောက် အစားထိုးရမယ်၊ အသစ်ခန့်ရမယ်။ လွှတ်တော်မရှိတဲ့ အချိန်ဆိုရင် ၂၁ ရက်အတွင်းမှာ လွှတ်တော်ရဲ့ အကြီးအမှူးကနေ ဒုသမ္မတတစ်ယောက်ကို ရွေးချယ်ရမယ်။
လွှတ်တော်ရဲ့ အကြီးအမူးဆိုတာ အခုအချိန်မှာဆို ဦးတီခွန်မြတ်တစ်ယောက်ပဲ ရှိတော့တယ်။ အဲဒီတော့ ဦးတီခွန်မြတ်အမိန့်နဲ့ ဒုသမ္မတ အသစ်တစ်ယောက် ခန့်လာနိုင်တယ်။ အဲဒီ ဒုသမ္မတ အသစ်ကပဲ ယာယီသမ္မတအဖြစ် ဦးမြင့်ဆွေလို တက်ယူလိုက်ပြီး စစ်ကောင်စီ အလိုကျ သက်တမ်းတိုးချင်သလား၊ လျော့ချင်သလား။ ဘာအမိန့်တွေ ထုတ်ချင်သလဲ။ ရွေးကောက်ပွဲတွေမှာ ကြီးမူးကျင်းပပြီး လုပ်တဲ့ကိစ္စတွေမှာ ကြီးကြပ်သွားမလား။
နောက်ခြောက်လ သက်တမ်းအတွင်းမှာ မတိုးတော့ဘူး ဆိုလို့ရှိရင်တော့ အဲဒီကြားဖြတ်အစိုးရရဲ့ နောက်ထုတ်မယ့် အမိန့်မှန်သမျှ ခန့်လိုက်မယ့် သမ္မတအသစ် လက်မှတ်နဲ့ ထုတ်ခွင့်ရှိသွားပြီ။ အဲဒါကတော့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၇၃ (စ)(ဆ)မှာတော့ အဲဒီလိုရေးထားတယ်။
==================
♦️ CDM တပ်မတော်သား ဗိုလ်ကြီးဇင်ယော်
(စစ်ခေါင်းဆောင်) မင်းအောင်လှိုင်အနေနဲ့က ၂၀၂၃ နှစ်စပိုင်းကတည်းက ကျန်းမာရေး ချို့ယွင်းနေတယ်ဆိုတဲ့ ယာယီသမ္မတကြီးကို အခု ၂၀၂၄ နှစ်ဝက်ကျော်ကာမှ ကျန်းမာရေး မကောင်းပါဘူးဆိုပြီး ထုတ်ပြောလာတယ်။ သူ့ခမျာ (ဦးမြင့်ဆွေ) ကျန်းမာရေး မကောင်းတာတောင်မှ အနားယူခွင့်မရဘဲ ခြောက်လတစ်ကြိမ် ရုပ်ပြယာယီသမ္မတ ဆိုပြီးတော့ လုပ်နေရတဲ့ ဝဋ်ကြွေးတော့ ကျေခါနီးပြီပေါ့။
ဒါပေမယ့် မင်းအောင်လှိုင်က ဦးမြင့်ဆွေ ၂၀၂၃ နေမကောင်းပြီ ဆိုကတည်းက သူမရှိရင် ဘာလုပ်ရမလဲ ဆိုတဲ့ဟာကို သူရဲ့ သိုင်းကျမ်းစာအုပ်ပေါ့နော်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထုံးလိုချေ၊ ရေလိုနှောက်ပြီး ဟာကွက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လိုရာဆွဲတွေးပြီးတော့ သူလုပ်ချင်ရာ လုပ်တော့မယ်လို့ ကျွန်တော်ကတော့ မြင်တယ်ဗျ။
နောက်ပြီး ၂၀၀၈ ခြေ/ဥအရတော့ မပါမရဘူး။ ဒါပေမယ့် စစ်တပ်မှာ သုံးလေ့ရှိတဲ့ အရေးပေါ် အခြေ အနေတို့ဘာတို့ ဒီလိုစကားရပ်တွေ သုံးပြီးတော့ သူလုပ်ချင်ရာ လုပ်မယ့်အနေအထားမျိုး တွေ့ရတယ်။ သက်တမ်းကတော့ တိုးယူဦးမှာ။
#ယာယီသမ္မတဦးမြင့်ဆွေ #ကျန်းမာရေးမကောင်း #စစ်ကောင်စီ #ဘယ်လိုသက်တမ်းတိုးလာနိုင်မလဲ #Vox_Pop #Ayeyarwaddy_Times