
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်
အိန္ဒိယနိုင်ငံတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အရှိန်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားအလွန်ကောင်းနေသဖြင့် လာမည့် ၂ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းမိုးပိုနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။
လာမည့် ၂ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါစစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် အချို့မြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေပြီး ထပ်မံ၍မိုးပိုနိုင်မည်ဖြစ်ကာ သတိထားရန်လိုအပ် ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းသဖြင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်သည်။
ထို့ပြင် ကမ်းရိုးတန်းဒေသများဖြစ်သော ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသများအပါအဝင် မွန်ပြည်နယ်နှင့် တနင်္သာရီဒေသများတွင် မုတ်သုံမုန်တိုင်းငယ်နှင့်ဆက်စပ်ပြီး မိုးသည်းထန်နိုင်သဖြင့် ရေကြီးရေလျှံမှုများသတိထားရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၄ ပေခန့်ရှိနိုင်ကြောင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – မိုးဇလ
#အိန္ဒိယနိုင်ငံမုန်တိုင်းငယ် #မုတ်သုံအားကောင်း #မြန်မာနိုင်ငံတစ်ဝန်းမိုးကြီးနိုင် #Ayeyarwaddy_Times