ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်ကောင်စီ၏ ဒုတပ်ကြပ် တစ်ဦးသည် လက်နက်ခဲယမ်းအပြည့်စုံဖြင့် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)ထံ အလင်းဝင်ရောက်လာကြောင်း အဖွဲ့တာဝန်ရှိသူများထံက သိရှိရသည်။
ဖလမ်းမြို့ အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၆၈) တပ်ရင်းမှ ဒုတပ်ကြပ် မိုးစက်သည် ၎င်း၏ MA-4 သေနတ် တစ်လက်၊ ကျည်ဘောက် လေးခု၊ကျည်ဆန် ၁၂၀ တောင့်နှင့် ၄၀ မမ ဗုံးသီး ၁၄ လုံးဖြင့် အလင်းဝင်ရောက်လာခြင်းဖြစ်သည်။
“အလင်းဝင်တဲ့ တစ်ယောက်က ဧရာဝတီတိုင်း မြောင်းမြမြို့ဘက်က ဖလမ်းမှာ တာဝန်ကျတဲ့ စစ်ကောင်စီ ဒုတပ်ကြပ်ပါ။ အခု လုံခြုံတဲ့ နေရာမှာ ရောက်ရှိနေပါပြီ။ သူမှာ လက်နက်ခဲယမ်းတွေ ပါလာတဲ့အတွက် ဆုငွေချီးမြင့်ပေးပါတယ်”ဟု CNDF တာဝန်ရှိသူ Salai Timmy က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်နက်ခဲယမ်းအပြည့်စုံဖြင့် အလင်းဝင်လာသည့် ဒုတပ်ကြပ် မိုးစက်ကို CNDF မှ ဆုကြေးငွေ သိန်း (၈၀) ချီးမြင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားပြီဖြစ်ကြောင်း သိရသည်။
လက်ရှိ ဖလမ်းမြို့တွင် စစ်ကောင်စီနှင့် CNDF တို့ကြား မကြာခဏ ထိတွေ့ပစ်ခတ်မူရှိပြီး စစ်ကောင်စီဘက်က မြို့တွင်း စစ်ရေးခံစစ်ပြင်ဆင်ဆောင်ရွက်နေသည်။
#ဖလမ်းမြို့စစ်ကောင်စီ #ဒုတပ်ကြပ် #လက်နက်ခဲယမ်းဖြင့် #အလင်းဝင် #Ayeyarwaddy_Times