
ဆောင်း/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ရှိ အမှတ်(၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း(တကက-၅) ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို ငွေကြေး သုံးစွဲခွင့်မပြုဘဲ ငွေကြေးများကို စစ်ကောင်စီတပ်က သိမ်းယူထားကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံကသိရသည်။
စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ၏ ငွေကြေးများကိုသိမ်းယူ ထားသည့်အပြင် သင်တန်းသားများ လက်ဝယ်တွင်ငွေကြေးများ ထပ်မံတွေ့ရှိက အပြစ် ပေးအရေးယူ အချုပ်ကျကြောင်း သိရသည်။
အမှတ်စဥ် (၁) ပြည်သူ့စစ်မှုထမ်းသင်တန်းစတင်သည့် အချိန်မှစ၍ သင်တန်းသားများမှာ ဖိနှိပ်ခံနေရပြီး ယခု အမှတ်စဥ် (၂)တွင်လည်း ယခင် စစ်သင်တန်းထက်ပို၍ ဖိနှိပ်ခံ နေရသည်ဟုဆိုသည်။
“သင်တန်းသားတွေရဲ့ ပိုက်ဆံတွေကို အတင်းအဓမ္မသိမ်းထားတယ်။ ပိုက်ဆံတွေ့ ရင်လည်းထပ် သိမ်းတယ်။ အပြစ်ပေးတယ်။ ပိတ်ရက်တွေဆို အိမ်ကလာတာ မျှော်နေ ကြရတယ်။ သင်တန်းနားရက်မှာတောင် ဆေးလိပ်၊ကွမ်း ဘာဆိုဘာမှခုထိ စားခွင့်မရ ကြဘူး” ဟု ကွင်းကောက်မြို့ တကက-၅ နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ထို့ပြင် အမှတ်(၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှနေ၍သင်တန်း ကာလ အတွင်း ထွက်ပြေးကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားအချို့မှာ ပြန်လည်ဖမ်းဆီး ခံရပြီး အချုပ်ကျခံထားရကြောင်း တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။
အဆိုပါ ကွင်းကောက်မြို့ တကက-၅ ရှိ ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၁) သင်တန်းသားများကို စစ်ကောင်စီက ရှေ့တန်းသို့ ပို့ဆောင်လိုက်ပြီး လက်ရှိတွင် အမှတ်စဥ် (၂) ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို သင်တန်းပေးနေကြောင်း သိရသည်။
ကွင်းကောက်မြို့ တကက-၅ တွင် ပြည်သူ့စစ်မှုထမ်းတက်နေကြသည် လူငယ် အများစုမှာ ငွေကြေးမပြည့်စုံသူများဖြစ်ပြီး ၎င်းတို့ကိုထောက်ပံ့ရန် ဒေသခံပြည်သူများထံမက လိုက်လံကောက်ခံထားသည့် ငွေများကိုလည်း မိသားစုထံ အပြည့်အဝမပေးဘဲ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များက ဖြတ်တောက်ယူကာ ခွဲဝေသုံးစွဲနေကြောင်းဒေသခံများက ဆိုသည်။
“အုပ်ကြီးတွေကလည်းပြောတယ်။ သင်တန်းတက်ပြီးရင် ခင်များတို့ကလေးတွေ ပြန်လာရမှာဘာမှမပူနဲ့ဆိုပြီးရှေ့တန်းပို့တယ်။ သင်တန်းဆင်းတော့ အိမ်တောင် မပြန်ရဘူး။ ကလေးတွေကို စားစရာနဲ့ပိုက်ဆံလည်းပို့ပေးရတယ်။ ပိုက်ဆံကတော့ ကလေးတွေ မသုံးရဘူး ကြားရတယ်။ ပြည်သူတွေရဲ့ မျက်ရည်တွေဟာ သင်တန်းကျောင်းမှာ အများကြီး ရှိနေတယ်”ဟု ပြည်သူ့စစ်မှုထမ်းသင်တန်းသားတစ်ဦး၏ အဒေါ်ဖြစ်သူက ဧရာဝတီ တိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို သင်တန်ဆင်းလျှင် စစ်မတိုက်ခိုင်းဘဲ ဂိတ်စောင့်၊ နယ်မြေလုံခြုံရေးတာဝန်းများ စတင်တာဝန်ထမ်း ဆောင်ခိုင်းမည်ဟုပြောဆိုထားသော်လည်း လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားနေသည့် စစ်ဆင်ရေးနယ်မြေများတွင် အသုံးပြုရန်အတွက်ရှေ့တန်းသို့ပို့ဆောင်လျက်ရှိသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် များသည် ၎င်းတို့၏ သားသမီးများကို အမှတ်စဥ် (၁) ၊ အမှတ်စဥ်(၂) အမှတ်စဥ် (၃) တို့တွင် စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် ပြေလည်ခြင်းမရှိသူ၊ ငွေကြေးမပြည့်စုံသူ အများစုကိုသာ စစ်မှုထမ်းဆောင်ရန် စာရင်းများထည့် ပေးခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ယခု စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃) အတွက် စစ်သင်တန်းတက်ရောက်ရန် စစ်သားသစ်ခေါ်ယူရာတွင်လည်း ယခင်နည်းအတိုင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက အနိုင်ကျင့် ခြိမ်းခြောက်မှုများပြုလုပ်၍ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့က ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ဆင်းခဲ့ကြသည့် သင်တန်းဆင်းများကို ရှေ့တန်းသို့ ပို့ဆောင်ရန် ကြိုတင်စီမံ၍ လျှို့ဝှက်ညွှန်ကြားခဲ့ပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ သင်တန်းကျောင်းများမှ ပြည်သူ့ စစ်မှုထမ်းများကို ရှေ့တန်းသို့ပို့ဆောင်ခဲ့သည်။
စစ်ကောင်စီသည် လူငယ်များကို ၎င်းတို့၏ စစ်ကောင်စီတပ်တွင် စစ်မှုထမ်းဆောင်ရန် အတွက် နည်းမျိုးစုံဖြင့် စုဆောင်းလျက်ရှိပြီး ပြီးခဲ့သည် ဇွန် ၂၇ ရက်နေ့က စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၃) သင်တန်းကိုထပ်မံဖွင့်လှစ်ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည့်သူစစ်မှုထမ်း အမှတ်စဥ် (၁)မှာ ဇွန်လ ၂၈ ရက်နေ့က သင်တန်းဆင်းခဲ့ကြ၍ ရှေ့တန်းသို့ပို့ဆောင်ခံထားရပြီး ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၂) မှာ သြဂုတ်လဆန်းပိုင်းတွင် သင်တန်းဆင်းမည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ဓာတ်ပုံ-ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် (၁) သင်တန်းဆင်းများ
#ကွင်းကောက်မြို့ #တကက၅ #ပြည်သူ့စစ်မှုထမ်းသင်တန်းသား #ငွေများ #စစ်ကောင်စီသိမ်းယူ #အပြစ်ပေးအရေးယူ #Ayeyarwaddy_Times