( ဇူလိုင် ၁ ရက်နေ့မှ ဇူလိုင် ၁၇ ရက်နေ့အထိ နှစ်ပတ် ဈေးကွက်အခြေအနေ)

ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်

ယခုသီတင်းနှစ်ပတ်တွင်အထွေထွကုန်ဈေးနှုန်းများဆက်တိုက်မြင့်နေပြီး ရှမ်းမြောက်တွင် ၁၀၂၇ ၏ ဒုတိယလှိုင်း စစ်ရေး ပြင်းထန်လာနေသည်။

ထို့ပြင့် ဧရာဝတီနှင့်ချင်းတွင်း မြစ်အပါအဝင် မြစ်ရေကြီးမြင့်မှုကြောင့် မြို့ကြီး နှစ်ဆယ်ကျော်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေပြီး မြစ်ကြောင်းတစ်လျှောက်ရှိ လူနေအိမ်များနစ်မြုပ်ကာ ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲပြဿနာနှင့် ဒုက္ခများကို ခံစားနေရသည်။

အခြေခံစားသောက်ကုန်အပါအဝင် စက်သုံးဆီဈေးနှုန်းသည်ပင် စစ်မက်မရှိသော ရန်ကုန်မြို့တွင်ပုံမှန်ဈေးတက်ပြီး စစ်ဖြစ်ပွားရာဒေသများတွင် ကုန်စည်ဈေးနှုန်းများ ပိုမိုကာ မြင့်တက်လျက်ရှိသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြည်တွင်းပုဂ္ဂလိကဘဏ်များမှ အပ်နှံငွေ၊ ငွေလွှဲထုတ်ယူမှုကို ကန့်သတ်ခဲ့ပြီးသည့်နောက်တွင် ဒေါ်လာဈေး၊ ရွှေဈေးနှင့်အတူ နိုင်ငံခြားငွေလဲလှယ်နှုန်းများပါ လိုက်ပါမြင့် တက်လျက်ရှိသည်။

မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ အပိတ်ခံထားရသဖြင့် ကုန်စည်စီးဆင်းမှု အခက်အခဲများဖြစ်ပေါ်နေ၍ ပြည်ပသွင်းကုန်ပစ္စည်းများသည်လည်း အမြင့်ဈေးတွင်ရှိနေကာ ထိုင်းနိုင်ငံထုတ် မီးဖိုချောင်သုံး gas ကုန်စည်ပြတ်လပ်နေကြောင်းသိရသည်။

လက်ရှိတွင်စစ်ကောင်စီသည် နယ်စပ်ကုန်သွယ်းရေးလမ်းကြောင်းကို ကုန်းလမ်းအစား ရေလမ်းကြောင်းခရီး ရန်ကုန် – ကော့သောင်း – ရနောင်း ကုန်ပစ္စည်းပို့ဆောင်ရေးအသွား/အပြန်ပြေးဆွဲနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း

တစ်လကျော်ကြာအမြင့်ဈေးတွင်ငြိမ်နေသော နိုင်ငံခြားငွေလဲလှယ်နှုန်းထားသည် ဘဏ်များက ငွေသားထုတ်ယူခွင့် ကန့်သတ်လိုက်ပြီးနောက်တွင် ထပ်မံမြင့်တက်လာသည်။ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၅၀၀၀ နီးပါးရောက်ရှိခဲ့ပြီး ယခုအခါတစ်ဒေါ်လာကို ကျပ် ၄၈၅၀ ဝန်းကျင်ရှိကြောင်း ဈေးကွက် အတွင်းက စုံစမ်းသိရသည်။

ဇူလိုင် ၁ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၄၆၀၀ ဈေးပေါက်ရာမှ ဇူလိုင် ၁၇ ရက်နေ့တွင် တစ်ဒေါ်လာကို ကျပ် ၄၈၅၀ ကျပ်ရှိကြောင်း သိရသည်။ ဇွန်နှင့်ဇူလိုင် တစ်လအတွင်း ကန်ဒေါ်လာလျှင် ကျပ် ၃၀၀ နီပါး ဈေးမြင့်တက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်သည် ဇူလိုင် ၃ ရက်၊ ၁၀ ရက်နှင့် ၁၅ ရက်တို့တွင် ဘဏ်များရောင်းချပေးသော online trading platform မှတဆင့် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄ သန်းနှင့် တရုတ်ယွမ် ၅ သန်းရောင်းချပေးခဲ့ကြောင်းသိရသည်။

“ သူတို့ရောင်းတယ်သာပြောတာ ကုမ္ပဏီတွေဘာမှမရဘူး။ ဒေါ်လာဝယ်ဖို့ဘဏ်တွေမှာ တစ်ခါတစ်ခါ စာတင်ထားရတာအကြာကြီးပဲ။ အခုက အရင်ကပိုကြာတယ်။ နိုင်ငံခြားကနေပစ္စည်းသွင်းလာပြီးမှ အဲဒီအတွက်ငွေ (ဒေါ်လာ)ကို ဒီကထုတ်ပေးတာ” ဟု ကုန်သွယ်ရေးကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့သို့ဗဟိုဘဏ်ထုတ်ရောင်းပေးသည်ဟု ကြေညာသည့်နေ့တွင် နိုင်ငံခြားငွေလဲနှုန်းများပိုတက်ကြောင်း ငွေလဲလုပ်ဆောင်သူများထံက သိရသည်။ အမေရိကန်ဒေါ်လာဈေးမြင့်တက်မှုနှင့်အတူ တရုတ်ယွမ်၊ ထိုင်းဘတ် ဈေးတို့လည်းမြင့်တက်ကာ မြန်မာငွေဖောင်းပွမှုမြင့်တက်လာပြီး ကျပ်ငွေတန်ဖိုးပိုမို ကျဆင်းလာပြီဖြစ်သည်။

တရုတ်ယွမ်ဈေးနှုန်းသည် ဇူလိုင် ၁ ရက်နေ့တွင် တစ်ယွမ်ကို ၆၄၅ ကျပ်ရှိရာမှ ဇူလိုင် ၁၇ ရက်နေ့တွင် ၆၇၁ ကျပ်ဖြစ်၍ ၂၆ ကျပ်ကျော်ဈေးမြင့်လာသည်။

ထိုင်းဘတ်ဈေးနှုန်းသည် ဇူလိုင် ၁ ရက်နေ့တွင် ၁၂၁ ကျပ်ရှိရာမှ ဇူလိုင် ၁၇ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ၁၃၃ ကျပ်ဖြစ်ကာ ၁၂ ကျပ်ကျော်ဈေးမြင့်လာကြောင်းသိရသည်။

#ပြည်တွင်းရွှေဈေးနှုန်း

ကမ္ဘာ့နိုင်ငံရေး အမေရိကန်ရွေးကောက်ပွဲနီးလာသဖြင့် ကမ္ဘာ့ဒေါ်လာဈေးနှင့် ရွှေဈေးမြင့်တက်နေချိန် ပြည်တွင်းစစ်ပွဲအရှိန်များကြောင့် ပြည်တွင်းဈေးနှုန်းပိုမိုမြင့်တက်နေသည်။ အခေါက်တွေ အကယ်ဒမီအတုံးများကို စစ်ကောင်စီသတ်မှတ်ရွှေဈေးအတိုင်းရောင်းချနိုင်ခြင်းမရှိသဖြင့် အကယ်ဒမီအခေါက် ရွှေပြင်ပအရောင်းအဝယ်ဈေးကွက်ပို၍ကြီးမားလာသည်။

လက်ရှိတွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅၉ သိန်းနှင့် သိန်း ၆၀ ကြားတွင်ရှိနေပြီး ငွေပြန်ဖော်လိုသူများအတွက် ရောင်းသူ၊ ဝယ်သူကြိုက်ဈေးကွက်ဖြစ်နေသည်။

ထို့သို့ ကြိုက်ရောင်းကြိုက်ဝယ် စျေးကွက်ဖြစ်ပေါ်နေသော်လည်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းဈေး အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သား ကျပ် ၄၇ သိန်း ( ၄,၇၁၂,၂၆၁ ) ဖြင့် ရွှေဆိုင်များ အရောင်းအဝယ်ပြုချရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ ဈေးကွက်ရဲ့သဘောတရားက သူ့ဘာသာသတ်မှတ်ဈေးရှိပြီးသားပဲ။ လုပ်ငန်းရှင်တွေက အဲဒီဈေး ( သတ်မှတ်ဈေး) နဲ့ ပြည်တွင်းမှာမရောင်းနိုင်ဘူးဆိုရင် ပြင်ပကိုထုတ်မှာပဲ။ ပြည်တွင်းမှာအရောင်း အဝယ်မရှိရင် ပြည်ပမှာလုပ်မှာပဲ။ အနီးစပ်ဆုံးက အိန္ဒိယပဲ။ ရွှေကိုင်ထားပြီးတော့ ငွေလိုပြန်သူတွေအတွက်ရော ရွှေဝယ်စုတဲ့သူအတွက်ရောနစ်နာတယ် ” ဟု ရွှေနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

#ပြည်တွင်းစက်သုံးဆီဈေးနှုန်း

စစ်ကောင်စီက ပြည်တွင်းစက်သုံးဈေးကိုထိန်းချုပ်ထားရာတွင် ယခုနှစ်ပတ်အတွင်း တစ်ပတ်ဈေးကျပြီး တစ်ပတ်ဈေးတက်နေသည်။ စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီနှင့် ဒီဇယ်အမျိုးအစားထဲက တစ်မျိုးမျိုးမှာ အမြဲလိုပင် ပြတ်လပ်နေတတ်သည်။

ယခုသီတင်းနှစ်ပတ်အတွင်းဓာတ်ဆီဈေးအနည်းငယ်တတ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ရာတွင် ဓာတ်ဆီဈေးက ကျပ် ၁၅၀မှ ၂၀၀ ကြားတက်ပြီး ဒီဇယ်ဈေးက ၅၀၀ ကျပ်နီးပါးမြင့်တက်ကြောင်းသိရသည်။

ဇူလိုင် ၁၇ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၇၀၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၈၂၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၈၉၀ ကျပ် နှင့် ဒီဇယ် တစ်လီတာ ၂၄၆၅ ကျပ်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

ဇူလိုင် ၁ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၆၅၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၇၉၀ ၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၈၉၅ နှင့် ဒီဇယ်တစ်လီတာ ၂၄၆၅ ကျပ်ဖြင့် စစ်ကောင်စီက ဈေးနှုန်း ထိန်းချုပ်ထားသည်။

“ဆီဈေးတွေကတက်နေတာပါပဲ။ အုံနာကြေးတွေလည်းတက်တယ်။ ခရီးသည်နဲ့ တက္ကစီဒရိုင်ဘာ တတ်နိုင်အောင်ဈေးမျှယူရတာပဲ။ ကားခအရမ်းဈေးတက်ရင်လည်း စီးမယ့်သူမရှိမှာစိုးရတယ်” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

‘ရန်ကုန်မြို့ရပ်ကွက်အတွင်းရှိဈေးများတွင် အထွေထွေကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အိမ်ရှင်မများ၏ ညည်းတွားသံကိုအမြဲတစေ ကြားနေရသည်။ ဘဏ်ဂယက်၊ စစ်ပွဲပြင်းထန်မှုများကြောင့် ကုန်ဈေးများ ပိုတက်သွားပြီး ကုန်တင်လမ်းကြောင်းအခက်အခဲဖြစ်ပေါ်သည့် အကြောင်းတစ်ရပ်လည်း ပါဝင်သည်။

စစ်ကောင်စီအာဏာသိမ်းမှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လာပြီး အထွေထွေကုန်ဈေးနှုန်းများ၏ ဈေးနှုန်းများက သုံးဆ မကမြင့်တက်နေပြီဖြစ်သည်။

မိသားစုလေးဦးရှိသော အိမ်ထောင်စုတစ်စုတွင် အသားငါးနှင့်ဟင်းသီးဟင်းရွက်ပါဝင်သည့် စားစရိတ်သည် ရက်သတ္တပတ်(၇ရက်)တွင်ပင် ကျပ် ငါးသောင်းမှ ခုနစ်သောင်းကြား ကုန်ကျစရိတ်ရှိသည်။

အခြေခံစားသောက်ကုန်ပစ္စည်းတွင် ယခုတစ်ပတ်၌ အာလူးဈေးမြင့်တက်သွားသည်။ စားသုံးဆီအကန့်အသတ်ဖြင့်ဝယ်ယူရပြီး ဈေးမြင့်တက်နေသည်။ ကုန်စိမ်းဟင်းသီးဟင်းရွက်နှင့် စားဖိုဆောင်သီးနှံဈေးမြင့်တက်နေသည်။ ဆန်ဈေးကိုမူ စစ်ကောင်စီထိန်းချုပ်ထားသဖြင့် ဈေးကျသော်လည်း အရည်အသွေးမမီသော ဆန်များ ဈေးကွက်ဝင်လာသည်။

စစ်ကောင်စီသတ်မှတ်ဈေးနှင့် ပြင်ပပေါက်ဈေးသည် ဆန်အချောတစ်အိတ် ကျပ် လေးသောင်းကြားကွာဟကာ ဆန်ကြမ်းတစ်အိတ် ကျပ် တစ်သောင်းမှ တစ်သောင်းခွဲကြားအဟရှိကြောင်းဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

သို့ရာတွင် ဆန်အရည်အသွေးကောင်းအတွက် ပြင်ပပေါက်ဈေးသပ်သပ်ရှိနေသည်။ ပြင်ပဆန်ဆိုင်အများစုက ဈေးကွက်ပေါက်ဈေးအတိုင်းပင်ရောင်းချနေပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းကွာဟမှုသိပ်မရှိပေ။

ဆန်ချောရွှေဘိုအိုးဝင် တစ်အိတ် ၁၈၅,၀၀၀ ကျပ်၊ ရွှေဘိုထူးထူးရှယ် ၁၆၆,၀၀၀ ကျပ်၊ ကျားပျံ ၁၅၀,၀၀၀ ကျပ်၊ တောင်ပျံ ၁၄၂,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေး ၁၃၆,၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုး ၁၁၅,၀၀၀ ကျပ်၊ ဇီယာ ကျပ် ၈၇၀၀ ကျပ်ရှိကြောင်း ဆန်လက်လီလက္ကားရောင်းချသူထံက သိရသည်။
ပြည်တွင်းသုံးစွဲမှုများသော စားအုန်းဆီဈေးသည် ယခုတစ်ပတ်စစ်ကောင်စီသတ်မှတ်ချက်တွင် ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် ယခင်တစ်ပတ်ကထက် ကျပ် ၅၀ ကျပ်ဝန်းကျင်ဈေးနှုန်းမြင့်တက်လာသည်။

ယခု ဇူလိုင် ၁၅ ရက်နေ့မှ ဇူလိုင် ၂၁ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၄၁၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်သည်။

အဆိုပါဈေးနှုန်းပေါ်တွင် သယ်ဆောင်ခများထပ်ပေါင်းပြီး တစ်ပိဿာ ကျပ် ၆၀၀၀ ဖြင့် သတ်မှတ်ဆီဆိုင်များတွင်ရောင်းချနေပြီး ပြင်ပပေါက်ဈေးမှာ တစ်ပိဿာ ကျပ် တစ်သောင်းဖြစ်သည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအပါအဝင် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီပူး ပေါင်းပြီး စစ်ကောင်စီသတ်မှတ်ဈေးနှုန်းဖြင့်စားအုန်းဆီရောင်းချရာနေရာများတွင် ပြည်သူများ တိုကင်ဖြင့် တန်းစီးတိုးဝယ်နေရဆဲဖြစ်သည်။

သို့ရာတွင် စားအုန်းဆီကို တစ်ပိဿာရောင်းချနိုင်ခြင်းမရှိဘဲ ၅၀ ကျပ်သားသာ ရောင်းချကြောင်းသိရသည်။ ယင်းအပြင်ထိုင်းနိုင်ငံသွင်းကုန် နေကြာဆီ၊ ပဲပိစပ်ဆီနှင့် ဟင်းသီးဟင်းရွက်ဆီများဈေးမြင့်တက်နေသည်။

စားဖိုဆောင်သီးနှံဈေးနှုန်းများတွင် ယခုတစ်ပတ်တွင် အာလူး ဈေးတက်လာသည်။ ပြီးခဲ့သည့်တစ်ပတ်တွင် တစ်ပိဿာ ၃၅၀၀ ကျပ်ဈေးရှိရာမှ ယခုတစ်ပတ်တွင် ၅၀၀၀ ကျပ်ရှိလာသည်။

ကြက်သွန်နီတစ်ပိဿာ ၂၇၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁၅၀၀၀ ကျပ်ဖြစ်သွားသည်။ သားငါးဈေးတွင်မူ ကြက်သား (CP) ဈေးသည် တစ်ပိဿာ ၁၅၀၀၀ ကျပ်မှ ၁၈၀၀ ကျပ်ကြားတွင်ငြိမ်နေဖြစ်သည်။

ဟင်းသီးဟင်းရွက်များဈေးများလည်း မြင့်တက်နေသည်။ ခရမ်းချဉ်းသီးတစ်ပိဿာ ၅၀၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၄၀၀၀ ကျပ် ၊ ကန်စွန်းရွက်တစ်စီး ၆၀၀ ကျပ်၊ နံနံပင် ၅၀၀ ဖိုးဝယ်မှရသည်။ ခဝဲသီးတစ်ထောင့် ၆၀၀ ကျပ်၊ ဗုံလုံသီး ၆၀၀ ကျပ်၊ ဖလန်တောင်မွှေး ၆၀၀ ကျပ်၊ ချဉ်ပေါင်ရွက် တစ်စီး ၃၀၀ ကျပ် ၊ မုန့်ညှင်းစိမ်း တစ်စီး ၄၀၀ ကျပ်ဈေးရှိရာ ဟင်းသီးဟင်းရွက်ဈေးမှာ တစ်ရာ နှင့် နှစ်ရာကြား ဈေးအတက်အကျရှိသည်။

“ ဈေးတွေကအကုန်အတက်ပဲ၊ အကျမရှိဘူး။ တစ်နေ့တစ်သောင်းမှ ဝင်ငွေမရှိရင် စားဖို့ချည်းပဲနော် နေစရာမပါသေးဘူး။ ဟင်းချက်စရာဖိုးတင် တစ်သောင်းကုန်တယ်။ ကုန်ဈေးနှုန်းက အကုန်အတက်ပြနေပြီး အလုပ်အကိုင်ကရှားပါးနဲ့တော့ ခက်ပြီ” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့်ရန်ကုန်မြို့အတွင်းရှိ လက်လီစျေးကွက်နှင့်
ညောင်ပင်လေးဈေးတို့တွင် ဇူလိုင် ၁ ရက်နေ့မှ ဇူလိုင် ၁၇ ရက်နေ့အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)

#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #ဇူလိုင်၁မှဇူလိုင်၁၇ရက် #Ayeyarwaddy_Times