ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အာရက္ခတပ်တော် AAက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီက တောင်ကုတ်၊ မာန်အောင်နှင့် အမ်းမြို့နယ်တို့တွင် စစ်ကူအင်အား တိုးချဲ့ပြီး ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။

သံတွဲမြို့ပေါ်တွင် နေရာယူထားသည့် စစ်ကောင်စီတပ်များကို အာရက္ခတပ်တော် (AA) က ပြီးခဲ့သည့် ဇူလိုင် ၁၆ရက်နေ့တွင် မြို့ပေါ်မှ အပြီးတိုင်တိုက်ထုတ်ပြီးနောက် မြို့တွင်း ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်ကာ သံတွဲမြို့ကို ထိန်းချုပ်ခဲ့ကြောင်း သိရသည်။

သံတွဲကို AAက သိမ်းပိုက်လိုက်ပြီး‌နောက် စစ်ကောင်စီက ယခု ဇူလိုင် တတိယပတ်မှစတင်၍ မာန်အောင်ရှိ မျှော်တော်ဦး ရေတပ်တွင် စစ်အင်အားဖြည့်တင်း ထားပြီး ခအုံးမော်ကျေးရွာနှင့် ပင်လယ်ပြင်တွင်လည်း စစ်သင်္ဘောများ တိုးချဲ့ထားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် မာန်အောင်မြို့ရှိ လေယာဉ်ကွင်းကို အဓိကထား စစ်အင်အား ဖြည့်တင်းနေပြီး မြို့တော်ခန်းမတွင်လည်း နေရာယူထားသည့်အပြင် မာန်အောင်မြို့ မြို့အဝင်အထွက်ဂိတ်များကိုလည်း လုံခြုံရေးအထူးတိုးမြှင့်ထားပြီး အစစ်အဆေး အထူးကြပ်မတ်လျက်ရှိကြောင်း သိရသည်။

တောင်ကုတ်မြို့ကိုလည်း ပြီးခဲ့သည့် ဇွန်လကတည်းက လုံခြုံရေးများတိုးမြှင့်ကာ ဝန်ထမ်းအိမ်ရာရှိ ဝန်ထမ်းများကို စစ်ကောင်စီက ဖယ်ခိုင်း၍ လက်နက်ကြီးများ လာရောက်တပ်ဆင်ထားကြောင်း သိရသည်။

ထို့ပြင် အမ်း- တောင်ကုတ်လမ်းပေါ်ရှိ အထပ်မြင့်အဆောက်အအုံများတွင်လည်း စနိုက်ပါများလာရောက်နေရာချထားပြီး အချိန်ပြည့်လုံခြုံရေးယူထားကြောင်း သိရသည်။

“တောင်ကုတ်မှာ ဇွန်လကအထိတော့ လက်နက်ကြီးတွေနဲ့ နေ့တိုင်းလိုလို ရမ်းသန်းထု နေတာ။ သံတွဲတိုက်ပွဲပြင်းထန်လာတော့ တောင်ကုတ်မှာ ပစ်တာနည်းနည်းလျော့သွား တယ်။ KBZ ဘဏ်လမ်းမှာ ရှိတဲ့ အထပ်မြင့်တိုက်တွေနဲ့ အိမ်တွေမှာ လက်ဖြောင့်တပ်တွေ ချထားတယ်ပြောတယ်။ သံတွဲကျသွားတော့ စစ်ရေးက တောင်ကုတ်ကို လှည့်လာ နိုင်တယ်။ ‌စစ်ရှောင်ချင်သူတွေကို ပေးမထွက်ဘူး။ မြို့ကိုပိတ်ထားတာ ဇွန်လမတိုင် ခင်ကတည်းကပဲ” ဟု တောင်ကုတ်ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)တည်ရှိရာ အမ်းမြို့နယ်ကိုလည်း AA က အလုံးစုံ ပိတ်ဆို့ထားသောကြောင့် စစ်ကောင်စီသည် စစ်ကူနှင့် လက်နက်ရိက္ခာ ဖြည့်တင်းမှုကို လေကြောင်းမှတစ်ဆင့်ပြုလုပ်နေရကြောင်း သိရသည်။

အမ်းရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ကုတ်ရှိ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ (စကခ-၅) ၊ စစ်တွေရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ-ဒကစ) ၊ ကျောက်ဖြူရှိ ဓညဝတီရေတပ်ဌာနချုပ်တို့ကို ပိတ်ဆို့ ဝိုင်းထားပြီးဖြစ်ကြောင်း ဇူလိုင် ၇ရက်နေ့တွင် AAက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-AA Info Desk
ပုံစာ-သံတွဲအခြေစိုက် ခလရ-၅၅ ကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်

#သံတွဲ #AA #သိမ်းပိုက် #စစ်ကောင်စီ #တောင်ကုတ် #မာန်အောင် #အမ်း #စစ်အင်အားတိုးချဲ့ #Ayeyarwaddy_Times