ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဒေသခံများနှင့် စစ်တွေမြို့သို့ စစ်ဘေးရှောင်လာသည့် ရခိုင်ပြည်နယ်တစ်ဝန်းမှ ပြည်သူများကို စစ်ကောင်စီက အကြမ်း ဖက်ဖမ်းဆီး၍ ငွေညှစ် အမှုဖွင့်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

စစ်တွေမြို့ မင်းဂံရပ်ကွက် ကယ်ဆယ်ရေးအကွက် (၁၁) ရှိ ပြည်သူ ရာနှင့်ချီကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင် ၁၆ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီးပြီးနောက် အယောက် ၆၀ ခန့်ကို အမှတ် (၁) မြို့မရဲစခန်းတွင် ထားရှိပြီး ကျန်သူများကို စစ်ကောင်စီတပ်အတွင်းသို့ ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဇူလိုင် ပထမပတ်အတွင်းကလည်း ကုန်းတန်း၊ စက်ရုံစု၊ မြို့သူကြီး၊ ထန်းပင်ရင်း ရပ်ကွက်များမှ ပြည်သူ ၁၀ယောက်ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး တစ်ဦးလျှင် ကျပ်သိန်း ၃၀ခန့်ဖြင့် ပြန်ရွေးယူခိုင်းကြောင်း သိရသည်။

“လူဖမ်းပွဲလုပ်နေတာ။ တစ်ယောက်ကို သိန်းဆယ်ချီနဲ့ပြန်ထုတ်ရတယ်။ စစ်တွေရွာတွေဘက်က စစ်ရှောင်လာသူတွေဆို ဧည့်စာရင်းနဲ့နေရတာလေ။ ဧည့်စာရင်းအကြောင်းပြဖမ်းတယ်။ စစ်ဆေးပြီး မတရားအသင်းဆက်သွယ်တယ်ဆိုပြီး ထောင်ကိုပို့ခံရတာတွေလည်း ရှိတယ်။ ဘူးသီးတောင်ကနေ စစ်ရှောင်လာသူတွေကိုဖမ်းတာလည်း အယောက် ၁၀၀ နီးပါးပဲ။ ငွေမပေးနိုင်ရင်တော့ မတရား အသင်းဆက်သွယ်မှုပဲ” ဟု စစ်တွေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မေ ၂၉ရက်နေ့ကလည်း စစ်တွေမြို့ ဗျိုင်းဖြူရွာကို အကြမ်းဖက်ဝင်ရောက်၍ ဒေသခံများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ပြီး အသက်မသေဘဲ ဖမ်းဆီးခံခဲ့သည့် ဒေသခံပြည်သူအချို့ကို မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁) နှင့် တရားစွဲဆိုထားကြောင်း သိရသည်။

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဗျိုင်းဖြူရွာမှဒေသခံများအနက် တချို့သည် စစ်ကြောရေးတွင် ရရှိသော ဒဏ်ရာများဖြင့် စစ်တွေဆေးရုံသို့ပို့ဆောင်ခံရကာ ဆေးရုံတွင်ပင် သေဆုံးသူများရှိကြောင်း သိရသည်။

စစ်ကောင်စီက ဗျိုင်းဖြူရွာဖြစ်စဉ်ပြီးနောက် စစ်တွေမြို့နယ်အတွင်းရှိ ရေချမ်းပြင်၊ အုန်းရေဖော်၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲကျေးရွာ၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်၊ ပျားလယ်ချောင်းရွာဟောင်းနှင့်ရွာသစ်၊ သင်ပုန်းတန်း၊ မောင်နီပြင် ကျေးရွာများမှ ဒေသခံများကို စစ်တွေမြို့တွင်း ပြောင်းရွှေ့နေထိုင်ရန် အတင်း အဓမ္မ အမိန့်ပေးခိုင်းစေခဲ့သည်။

ယင်းသို့ ပြောင်းရွှေ့ခိုင်းပြီး ဇွန် ၁၅ရက်တွင် စစ်တွမြို့ မင်းဂံရပ်ကွက်သို့ ဝင်ကာ ဧည့်စာရင်းအကြောင်းပြ၍ ပြည်သူ ၁၅၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး လူတစ်ဦးလျှင် ကျပ်ငွေ ၂သိန်းမှ ၇သိန်းအထိပေး၍ ရွေးယူရကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေမြို့ရှိ စစ်တွေဒကစကို အာရက္ခတပ်တော် (AA) က ပိတ်ဆို့ထားကြောင်း ထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်က ပြည်သူများကို မြို့တွင်း၌ ပိတ်လှောင်ထားကာ ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။

#စစ်တွေ #စစ်ကောင်စီ #ဒေသခံပြည်သူ #ရာနှင့်ချီ #ဖမ်းဆီး #ငွေညှစ် #အမှုဖွင့် #Ayeyarwaddy_Times