ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်အတွင်းမြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှု စီမံကိန်းအတွက် စစ်ကောင်စီမှချပေးထားသောရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကျော်အားမြို့နယ်စစ်ကောင်စီနှင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှအလွဲသုံးစားပြုလုပ်၍ ဒေသခံ လုပ်ငန်းရှင်များထံမှ ငွေပြန်လည်တောင်း ယူ၍ တင်ဒါကုမ္ပဏီများအားပြန်လည်ပေးအပ် နေကြောင်း သတင်းရရှိသည်။

ဒေးဒရဲမြို့နယ်ရှိ ဘုရားချောင်း၊ ထိုင်ကူ၊ ဆင့်ကူး၊ ဝက်စု၊ ချောင်းဝ၊ ဘိုးတုတ်၊ ကုလားကွင်း၊ သဲကုန်းစု၊ ဘုရားချောင်းဝနှင့် မျက်ပြဲရေကျော် စသည့်ကျေးရွာ (၁၀)ခု အတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှုစီမံကိန်း ရန်ပုံငွေအဖြစ် ငွေကျပ်သိန်း၁၀၀၀ ချပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါငွေများကိုမြို့နယ်စစ်ကောင်စီဥက္ကဌ နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနဦးစီးမှူးတို့မှခွဲယူခဲ့ ပြီးတိုင်းစစ်ကောင်စီထံတိုင်ကြားခြင်းမပြုရန်အောက်ခြေဝန်ထမ်းအချို့အား ခြိမ်းခြောက်ဖိအားပေးမှု ပြုလုပ်နေကြောင်း ကျေးလက်ဒေသဦးစီးဌာနဝန်ထမ်း အသိုင်းအဝန်းထံကသိရသည်။

“ရန်ပုံငွေရတာက ဒီလ ၁၀ရက်နေ့ကရတယ်။ စာရင်းနဲ့ရောက်လာတာ။ တစ်ရွာကိုသိန်းတစ်ရာနှုန်းနဲ့ကျလာတာပေါ့။ အဲ့တာကို မြို့နယ်ထွေအုပ်နဲ့ ကျေးလက်ဦးစီးမှူးတို့က ရန်ပုံငွေခွဲတမ်းချပေးမယ်ဆိုပြီးတော့မပေးဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ်ယူထားလိုက်တယ်။ ပေးရမဲ့ငွေတွေကို မြို့ထဲကလုပ်ငန်းရှင်တွေဆီကနေလိုက်ကောက်ပြီးပေးတဲ့သဘောပေါ့နော်။ တကယ့်ရန်ပုံငွေတွေက သူတို့နှစ်ယောက်စီမှာပဲရှိနေတယ်။ အဲ့တာစာရင်းစစ်တဲ့သူတွေသိထားတော့ တိုင်းကိုစာတင်တိုင်ရင်ကြံရာပါနဲ့ရဲခေါ်ဖမ်းပြီးထောင်ချခံရမယ်ခြိမ်းခြောက်ထားလို့ဘယ်သူမှမတိုင်ရဲဘူးဖြစ်နေတယ်”ဟုစစ်ကောင်စီလက်အောက်ခံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မြို့နယ်စစ်ကောင်စီမှ နီးစပ်သည့်လုပ်ငန်းရှင်များထံ ငွေကျပ် သိန်း ၃၀မှ သိန်း ၅၀ ကြား အတင်းအကျပ်ကောက်ခံ၍မြို့နယ်ထွေအုပ်ရုံး၌ တင်ဒါအောင်ကုမ္ပဏီများထံပြီးခဲ့သည့်ဇူလိုင်လ ၁၅ရက်နေ့က ရန်ပုံငွေပေးအပ်ပွဲပြုလုပ်သွားခဲ့ကြောင်း မြို့ခံလုပ်ငန်းရှင်များကပြောဆိုသည်။

“ရန်ပုံငွေ အတွက်ဆိုပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကတဆင့် ဖုန်းကနေတောင်းလို့သိန်း၃၀ ပေးလိုက်ရတယ်။ တချို့လူတွေဆိုသိန်း၅၀ လောက်ပေးလိုက်ရတယ်လို့ပြန်သိရတယ်။ နောက်မှစုံစမ်းကြည့်တော့ ကျေးလက်ဖွံ့ဖြိုးရေးရန်ပုံငွေသိန်းတစ်ထောင်ကိုအလွဲသုံးစားလုပ်တယ်ဆိုလားမသိဘူး ငွေပြန်ဖြည့်ဖို့လိုက်တောင်းတာ။ ၁၅ရက်နေ့က ရန်ပုံငွေပေးအပ်ပွဲဖိတ်လို့သွားတော့ကျွန်တော်တို့ဆီကတောင်းထားတဲ့ငွေတွေကို တင်ဒါအောင်တဲ့ကုမ္ပဏီတွေပြန်ခွဲပေးလိုက်တယ်ပေါ့နော်။ပြောရရင်သပွတ်အူလည်တဲ့သဘောပြောရမလိုပဲ”ဟု မြို့ခံလုပ်ငန်းရှင်တစ်ဦးကဆိုသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့ကလည်း ဒေးဒရဲမြို့နယ် ဘုရားချောင်းကျေးရွာလမ်းအား ခင်းရန်အတွက် စစ်ကောင်စီမှချပေးထားသော ကျေလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း၁၀၀ ကျော်ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှူးမှအလွဲသုံးစားပြုလုပ်ခဲ့မှုကြောင့် ဒေသခံလုပ်ငန်းရှင်များနှင့်ဒေသခံများမှ ငွေကျပ် သိန်း၃၀၀ ထက်မနည်းမကုန်ကျခံ၍ ကိုယ်ထူကိုယ်ထဂဝံမြေနီလမ်းခင်းခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ-MOI

#ဒေးဒရဲမြို့နယ် #စစ်ကောင်စီ #ကျေးလက်ဌာန #စီမံကိန်းငွေများကို #အလွဲသုံးစားလုပ်
#Ayeyarwaddy_Times