ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်

ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့နယ်တွင် ဇူလိုင်လ ၁၆ရက်နေ့ကစတင်ပြီးဧရာ၀တီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်လာပြီးရေ၀င်ရောက်လာသောကြောင့် လက်ပန်တန်း ကျေးရွာတစ်ရွာလုံးရှိ လူနေအိမ်အချို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှသိရှိရသည်။

“ဧရာ၀တီမြစ်ကတဖြည်းဖြည်းစိုးရိမ်ရေအမှတ်ထက်ကျော်လွန်လာတဲ့အတွက် အဲ့ဒီရွာကအနိမ့်ပိုင်းထဲပါတယ်။ လက်ရှိလဲရေမြုပ်နေတဲ့အတွက်ကြောင့် ဘေးလွတ်ရာ နေရာတွေကို ရွှေ့ပြောင်းပေးခဲ့ရတာပါ”ဟုတိုင်းဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၀န်ထမ်းတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်က ဧရာ၀တီမြစ်ရေ မြှင့်တက်လာမှုကြောင့် ကျေးရွာအုပ်စု တစ်ခုလုံးတွင် နေအိမ် ၁၆လုံးခန့်သာ ရွှေ့ပြောင်း ခံရသော်လည်း ယခုနှစ်တွင်ကျေးရွာရှိနေအိမ်အားလုံး ရေနစ်မြုပ်ကာ ရွှေ့ပြောင်းရခြင်းမျိုး ဖြစ်ကြောင်းဒေသခံများကပြောသည်။

ဧရာ၀တီတိုင်းအတွင်းမြို့နယ်တစ်ချို့တွင်ဧရာ၀တီမြစ်ရေ မြင့်တက်လာပြီး မြစ်ကမ်းဘေးကျေးရွာတစ်ချို့ရေနစ်မြုပ်မှုများရှိနေသောကြောင့် ကျေးရွာဘုန်းကြီးကျောင်းနှင့်ဓမ္မာရုံများတွင်ရွှေ့ပြောင်းနေထိုင်မှုများရှိနေကြောင်းသိရှိရသည်။

အချို့မြို့နယ်များတွင် မြစ်ရေမြင့်တက်လာသဖြင့် အခြေခံပညာကျောင်းများကိုလည်း ယာယီပိတ်ထားရသည်။

#ပန်းတနော်မြို့ #ဧရာ၀တီမြစ်ရေတက်လာမှုကြောင့် #ကျေးရွာတစ်ရွာရွှေ့ပြောင်းရ #Ayeyarwaddy_Times