ဧရာဝတီတိုင်းမ်
(မိုးကုတ်)၊ ဇူလိုင် ၁၈ ရက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် ယနေ့ ဇူလိုင် ၁၈ ရက်နေ့ နံနက်အစောပိုင်းမှ စတင်၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိ‌နေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် ဒေသခံ ၁၀ ဦးနှင့်အထက် သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကြောင့် ကုန်းမြင့်သာယာ၊ ညောင်သုံးပင်၊ မင်းတံတား စသည့် ရပ်ကွက်များမှ ဒေသခံများနှင့် အမည်အတည်မပြုနိုင်သေးသည့် လမ်းပေါ်ရှိ အလောင်းများ အပါအဝင် ဒေသခံ ၁၀ ဦး ထက်မနည်းသေဆုံးမှုများရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူဦးရေမှာလည်း အများအပြားရှိ နေကြောင်း သိရသည်။

ယခုအခါ မိုးကုတ်မြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး လူနေရပ်ကွက်များ၊ နေအိမ်များ၊ လမ်းများ၊ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းများပါ လက်နက်ကြီး ထိမှန်မှုများရှိနေကြောင်း သိရသည်။

“ဒီကနေ့ ကတိုက်ပွဲ စဖြစ်တဲ့ ရက်ကစလို့ အဆိုးဆုံးနေ့ လို့ပြောလို့ရတယ်ဗျ။ သေဆုံး သူက သိရသလောက်ဆို ၁၀ ဦး ကျော်မယ်ဗျ။ လမ်းတွေ၊ တောစပ် တွေမှာ သေဆုံး နေတာတွေကို အလောင်းကောက်လို့မရသေးဘူးဗျ။ ဒေသခံ တွေသေဆုံးရတာကတော့ လက်နက်ငယ် ကျည်ဆံတွေ ကြောင့် သေဆုံးရတာမျိုးမတွေ့ရဘဲ လက်နက်ကြီးတွေ အိမ်ပေါ်တွေကျလို့၊ အိမ်ဘေးတွေကျလို့ လက်နက်ကြီးစတွေမှန်ပြီး သေဆုံးရတာပဲ ရှိတယ်ခင်ဗျ” ဟု မိုးကုတ် ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် မိုးကုတ်မြို့အတွင်းမှ နှစ်ဖက်တိုက်ပွဲ အပြန်အလှန်ပစ်ခတ်မှုများကို မြင်တွေ့ နေရခြင်းမရှိသော်လည်း လက်နက်ကြီး ပစ်ခတ်မှုများကိုမူ ချမ်း‌မြေ့သာယာ တောင်ထိပ်ရှိ စစ်ကောင်စီစခန်း၊ ပတ္တမြားရပ်ကွက်ရှိ နဂါးရုံဘုရား၊ မိုးကုတ်ဗျူဟာကုန်း၊ မစိုးရိမ် ဘုန်းကြီးကျောင်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းများမှ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံများက ဆိုထားသည်။

“ထိတွေ့တိုက်ပွဲဖော်ဆောင်တာကတော့ တောစပ်တွမှာပဲဖြစ်တဲ့အတွက် မြို့ထဲမှာ တိုက်ပွဲဖော် ဆောင်တာရှိမနေဘူး။ မြို့အစပ်မှာပဲ အပြန်အလှန်ပစ်ခတ် နေတာဖြစ်တယ်။ ဒီနေ့က ခါးပြတ်ပြီး တော့မှသေဆုံးရတဲ့အနေအထား အထိတွ့ရတယ်။ ဒီနေ့ သက်ကြီးပိုင်းတွေဆို လက်နက်ကြီးထိမှန်ပြီး သေဆုံးရတာများတယ်။ ကျတဲ့ လက်နက်ကြီး တွေအားလုံးကိုကြည့်မယ်ဆိုရင် စကစ(စစ်ကောင်စီ)ဘက်က သုံးတဲ့ လက်နက်ကြီး တွေလို့ယူဆလို့ရတယ်” ဟု အဆိုပါ ဒေသခံ အမျိုးသားက ဆက်လက် ပြောကြားသည်။

ထို့ပြင် ယမန်နေ့ ဇူလိုင် ၁၇ ရက်နေ့က မိုးကုတ်မြို့ အရှေ့ပိုင်းတွင် စစ်ကောင်စီ လက်အာက်ခံ လကခ/ခလရ (၇၁၊ ၈၈) တပ်ဖွဲ့ဝင်များမှ ထိုးစစ်ဆင်တိုက်ခိုက် လာသည့်အတွက် ပန်းမထိပ်ရွာအနီး နှင့် ကမ္ဘာလုံးစေတီအနီးတဝိုက်တွင်လည်းကောင်း၊ ကြက်ခြံနှင့် အမှိုက်ပုံးနေရာအနီးတစ်ဝိုက်တွင် လည်း‌ ကောင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLA က လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#မိုးကုတ်အရှေ့ပိုင်း #ဒေသခံထိခိုက်သေဆုံး #လက်နက်ကြီး #စစ်ကောင်စီပစ်ခတ် #TNLA #တိုက်ပွဲ #Ayeyarwaddy_Times