
ဧရာဝတီတိုင်းမ်
(သထုံ)၊ ဇူလိုင် ၁၇ ရက်
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာရှိ ကရင်လေးဆိပ် တံတားသည် ယမန်နေ့ ဇူလိုင် ၁၆ ရက်နေ့၊ ည ၁၀ နာရီဝန်းကျင်တွင် မိုင်းခွဲဖျက်ဆီး ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
ရန်ကုန်- မော်လမြိုင် ကားလမ်းမပါ်ရှိ ကရင်လေးဆိပ်တံတား မိုင်းခွဲဖျက်ဆီးခံရမှု ကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးခဲ့ပြီး ခရီးသွားယာဉ်များ ပိတ်မိနေကြောင်း သိရသည်။
“ပြိုကျသွားတဲ့ နေရာကလမ်းပြင်ဖို့မလွယ်ဘူး ပြောနေကြတယ်။ တံတားကသေးပေမဲ့ မိုးရွာတော့ တံတားအာက်က ရေဖြတ်နေတော့မြေဖို့ဖို့လည်းမလွယ်ဘူးလို့ သိရတယ်။ ရွာလမ်းတွေကလည်း ပတ်သွားဖို့မလွယ်ဘူးတဲ့။ အဲ့ဘက်က တံတားတွေလည်း မကောင်းတော့ ကားတွေဖြတ်ဖို့မလွယ်ဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဉီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုအခါ ဝါဆိုလပြည့်နေ့နှင့် အာဇာနည်နေ့ ရုံးပိတ်ရက်များကြောင့် ရန်ကုန်ဘက်မှ ဆင်းလာသူအများအပြားရှိ နေကြောင်း သိရပြီး အဆိုပါ တံတားကျိုးမှုကြောင့် ကားလမ်းပိတ်ဆို့မှုဖြစ်ပါ်ကာ ယာဉ်အများအပြားပိတ်မိနေကြောင်း သိရသည်။
ယခုကဲ့သို့ ကရင်လေးဆိပ် တံတားမိုင်းခွဲဖျက်ဆီးခံရသည့်အပေါ် မည်သည့်အဖွဲ့ အစည်းက လုပ်ဆောင်ခြင်းဖြစ်ကြာင်း သိရခြင်းမရှိသေးသော်လည်း ရန်ကုန်- မော်လမြိုင်၊ ရန်ကုန်-ဘားအံကားလမ်းပေါ်ရှိ တံတားများကို တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းကိုဖျက်ဆီးသည့်အနေဖြင့် မိုင်းခွဲတိုက်ခိုက် လေ့ရှိကြောင်းလည်း သိရသည်။
သထုံမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့ နံနက်အစောပိုင်းက မိုးကောင်းကျေးရွာ၊ ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်ရှိ ရေပြွန်တစ်ခု မိုင်းခွဲခံခဲ့ရကြောင်းလည်း ဒေသခံများထံကသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ကားလမ်း #ရန်ကုန်_မော်လမြိုင် #ကရင်လေးဆိပ်တံတား #မိုင်းခွဲဖျက်ဆီးခံရ #Ayeyarwaddy_Times