
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်
ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ ကြားဝင်ညှိနှိုင်း ပေးမှုကြောင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် အငြင်းပွားနေမှုများ နှစ်ဖက်ဆွေးနွေး ပြေလည်မှုရရှိခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထံက သိရသည်။
ရှမ်းပြည်နယ်၊ ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇူလိုင် ၅ ရက်နေ့က SSPP နှင့် TNLA တို့အကြား လေးနေရာတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယင်းပြဿနာများကို ကြားဝင်ညှိနှိုင်းပေးရန် နှစ်ဖက်စလုံးပါဝင်နေသည့် FPNCC ထံ တင်ပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“ဒီရက်အတွင်းမှာ FPNCC က ခေါ်လို့ ကျွန်မတို့ TNLA နဲ့ SSPP တို့ သွားရောက် တွေ့ဆုံခဲ့တယ်။ ဒီတွေ့ဆုံပွဲမှာ TNLA နဲ့ SSPP အကြားမှာ ဖြစ်နေတဲ့ အငြင်းပွားမှုတွေ၊ ထိခိုက်မှုတွေကတော့ ပြေလည်သွားတယ်။ နောက်နောင်လည်း ထိတွေ့ဖြစ်ပွားမှုတွေ မဖြစ်ရလေအောင် နားလည်မှု ယူခဲ့ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု TNLA ပြောခွင့်ရ လွေးယေဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုထိတွေ့ တိုက်ပွဲများအတွင်း နှစ်ဖက်စလုံး သေဆုံးမှုများရှိခဲ့သလို TNLA တပ်ဖွဲ့ဝင် အချို့ ဖမ်းဆီးခံရပြီး လက်နက်များ သိမ်းဆည်းခံရသဖြင့် ပြန်လည်လွှတ်ပေးရန် FPNCC ၏ ကြားဝင်ညှိနှိုင်းပေးမှုတွင် တောင်းဆိုခဲ့သည်ဟု သိရှိရသော်လည်း TNLA ပြောခွင့်ရ လွေးယေဦးကမူ ၎င်းအနေဖြင့် ဖြေ ကြားလိုခြင်း မရှိသေးကြောင်း ဆိုသည်။
ယင်းတွေ့ဆုံ ဆွေးနွေးမှုအပါအဝင် အခြားကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိမေးမြန်းနိုင် ရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၏ ပြောရေးဆိုခွင့် ရှိသူများကို ဧရာဝတီတိုင်းမ် သတင်းဌာနက ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း စက်ပိတ်ထားသောကြောင့် ဆက်သွယ်၍ မရရှိခဲ့ပေ။
SSPP နှင့် TNLA တို့ ပါဝင်နေသည့် FPNCC ကို “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ဦးဆောင်၍ အဆိုပါနှစ်ဖွဲ့အပါအဝင် မိုင်းလား တပ်မတော် (NDAA)၊ ကိုးကန့် တပ်မတော် (MNDAA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အာရက္ခတပ်တော် (AA) တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ယင်းအဖွဲ့များသည် ယခင်အစိုးရများနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ဖြစ်ပြီး လက်ရှိတွင်လည်း အဆိုပါညီနောင်များသည် စစ်ကောင်စီကို ၁၀၂၇ စစ်ဆင်ရေး (ပ၊ဒု) အပါအဝင် တိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – TNLA ၊ SSPP
#FPNCC #SSPP #အငြင်းပွားမှုများ #TNLA #Ayeyarwaddy_Times