ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်

စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များအနေဖြင့် ကိုးကန့်တပ်မတော် (MNDAA) ထံ လက်နက်ချပြီး အလင်းဝင်လာပါက သတ်မှတ်ချက်အလိုက် ကျပ်သိန်း တစ်သောင်း (၁၀၀၀၀) အထိ ဆုငွေချီးမြှင့်မည်ဟု MNDAA က ကြေညာထားသည်။

အဆိုပါကြေညာချက်ကို ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ခွဲထွက်၍ လက်နက်ချပြီး အလင်းဝင်သူများကို လူသားချင်းစာနာ သည့် ဆက်ဆံရေးများပေးပြီး အသက်အာမခံချက် အပြည့်အဝပေးမည်ဟုဖော်ပြထား သည်။

စစ်ကောင်စီတပ်မှ အလင်းဝင်လာသည့် စစ်သည်များကို ငွေကျပ် ၁၀ သိန်းနှင့် လက်နက်ယူဆောင်လာသူများကို ၁၅ သိန်း၊ ဒုဗိုလ်မှ ဗိုလ်ကြီးအဆင့်ရှိသူဆိုပါက ငွေကျပ် သိန်း ၂၀နှင့် လက်နက် ယူဆောင်လာပါက ၂၅ သိန်း ဆုချီးမြှင့်ပေးမည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ် ဗိုလ်မှူးမှ ဗိုလ်မှူးကြီးအဆင့်ရှိ အလင်းဝင်လာသူများအတွက် ငွေကျပ်သိန်း ၃၀ နှင့် လက်နက်ပါပါက ၃၅ သိန်းပေးမည်ဖြစ်ပြီး အလင်းဝင်ထားသူမှ စစ်ကောင်စီတပ်သားများကို ဝါဒဖြန့်ခြင်း၊ စည်းရုံးခြင်းများ လုပ်ဆောင်နိုင်ပါက ထပ်မံ၍ ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

“ဒီထုတ်ပြန်ချက်က အရာရှိတွေနဲ့ လေတပ်ဗိုလ်တွေရဲ့ စိတ်ကိုစမ်းသပ်လိုက်တာပဲ။ ဖြုတ်ထုတ်သတ်ဖြစ်နေတဲ့ တပ်တွင်းဂယက်ကို ပိုဆူစေတာပေါ့။ လေယာဉ်နဲ့တကွ သွားမယ်ဆိုပြီးတောင် ဖြစ်လာမလားပဲ”ဟု CDM လေတပ်အရာရှိတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

ထို့ပြင် လက်နက်ကြီးများ ကိုင်ဆောင် သို့မဟုတ် သယ်ဆောင်ပြီး အလင်းဝင်လာသူများ၊ တပ်စခန်းရှိလက် နက်ကြီးများကို ကောင်းမွန်စွာထိန်းသိမ်းထားပြီး အလင်းဝင်သူများ၊ မိမိတပ်စခန်းမှ လက်နက်ကြီးများကို ဖျက်ဆီးပြီး အလင်းဝင်ရောက်လာသူများကို လည်း သတ်မှတ်ချက်အလိုက် ဆုငွေချီးမြှင့်မည်ဟု ဆိုသည်။

၁၂ ဒသမ ၇ မမနှင့် အထက်ရှိ စက်သေနတ်များကို ကျပ်သိန်း ၅၀၊ ၁၀၀-မမ နှင့်အထက်ရှိ အမြောက်များကို ကျပ်သိန်း ၁၀၀၊ သံချပ်ကာ၊ တင့်ကားနှင့် အခြား ကုန်းလမ်းသုံး အကြီး စားစစ်ရေးကိရိယာများကို ကျပ်သိန်း ၁၀၀၀ ဆုငွေပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရဟတ်ယာဉ်၊ ပို့ဆောင်ရေးလေယာဉ်နှင့် အခြားလေယာဉ်အမျိုးအစားများကို ကျပ်သိန်း ၁၀၀၀၀ အထိပေးမည်ဖြစ်ကာ မိမိ၏အထက်အရာရှိကို ထိန်းချုပ်လိုက်ပြီး အလင်းဝင်လာသူကို ကျပ်သိန်း ၁၀၀ ပေးမည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA က ထုတ်ပြန် ထားသည်။

ပုံစာ- ရှမ်းမြောက်တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ လက်နက်ချ အလင်းဝင် ရောက်လာသူများ (ပုံဟောင်း)
#စစ်ကောင်စီတပ် #အလင်းဝင် #လက်နက်ချ #ကျပ်သိန်း၁၀၀၀၀ #ဆုငွေပေးမည် #MNDAA #ထုတ်ပြန် #Ayeyarwaddy_Times