ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဇူလိုင် ၁၇ ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ဦးဆောင်ပြီး ကာကွယ်ရေးတပ်ပေါင်းစုမှ မန္တလေးနှင့် မိုင် ၄၀ အကွာတွင်ရှိသည့် စဉ့်ကူးမြို့ကို ယနေ့ ဇူလိုင် ၁၇ ရက်နေ့ နံနက်ပိုင်း တွင် အပြီးသတ် သိမ်းပိုက်ရရှိသွားပြီဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“စဉ့်ကူးကို အင်အားအလုံးအရင်းနဲ့ကို ဝိုင်းပတ်ပိတ် ဆို့ပြီးတိုက်နေတာ။ လေကြောင်း ပစ်ကူတွေကြားထဲကကို အတင်းတိုးတိုက်နေတာ။ မြို့တော့ပါသွားပြီ။ မြို့နယ်စီမံ ကောင်စီက လူကြီးတွေရော၊ အဖမ်းခံလိုက်ရတဲ့သူတွေ မနည်းဘူး” ဟု မန္တလေး(လပခ) နှင့်နီးစပ်သည့် တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီဘက်မှနေ၍ စဉ့်ကူးမြို့ကို ယနေ့နံနက်ပိုင်းအထိ လေကြောင်းမှ ဗုံးကြဲမှုများ အဆက်မပြတ်ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

စဉ့်ကူးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် များသည် ရဲစခန်းရှိ အချုပ်ခန်းမှ အချုပ်သားများကို သော့ပိတ်လျက် ပစ်ထားခဲ့ပြီး ကိုယ်လွတ်ရုန်းထွက် ပြေးသွားခြင်း ကြောင့် အချုပ်ခန်းမှ အချုပ်သားများမှာ တံခါးကိုရိုက်ဖျက်၍ ထွက်ပြေးလွတ် မြောက်လာကြကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့သည် မတ္တရာမြို့ နယ်ရှိ စစ်ကောင်စီ၏ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းနှင့် တောင်တံငါတပ်စခန်းတို့ကို သိမ်းပိုက်နိုင် ခဲ့ပြီး မတ္တရာရှိ စစ်ကောင်စီတပ်စခန်း ၃၀ နီးပါးကိုလည်း သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

Photo- MDY-PDF (ပုံဟောင်း)
#မန္တလေး #စဉ့်ကူးမြို့ #ပြည်သူ့ကာကွယ်ရေးမန္တလေး #ပူးပေါင်းတပ်ဖွဲ့ #အပြီးသတ်သိမ်းပိုက် #Ayeyarwaddy-Times