
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီဘောလုံးပွဲသို့ မလာရောက်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး ငါးဦးကိုမြို့နယ်စစ်ကောင်စီမှ ငွေကျပ်သိန်း ၂၀ဒဏ်ရိုက်ခဲ့ကြောင်း သတင်းရရှိသည်။
သာပေါင်းမြို့ရှိ မြို့မဘောလုံးကွင်း၌ ပြုလုပ်သော ဘောလုံးပွဲသို့ ခတ္ထိယ၊မေရီကုန်း၊ကျွန်းကုန်း၊ရွာသစ်ကုန်း၊မဲဇလီကုန်းနှင့် ဂွေးတောက်ချောင်းစသည့် ကျေးရွာအုပ်စုများမှအုပ်ချုပ်ရေးမှူးများအပါအဝင် ကျေးရွာသားများကို လာရောက်အားပေးရန် အမိန့်ပေးခေါ်ယူခဲ့ရာမှ မလာသည့် အုပ်ချုပ်ရေးမှူးများကို ယခုကဲ့သို့ငွေတောင်းခံခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးနှင့် နီးစပ်သူများထံကသိရသည်။
“ဘောလုံးပွဲမလာလို့ဆိုပြီးတော့ မေရီကုန်းကျေးရွာအပါအဝင်အုပ်ချုပ်ရေးမှူး ငါးယောက်ကို တစ်ယောက်ဒဏ်ငွေသိန်း၂၀ အတောင်းခံရတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကတောင်းတာ။ အစက ကျေးရွာအုပ်စုတစ်ခုကိုနှစ်သိန်းပြောတာ။ နောက်တော့ တစ်အုပ်စုကိုသိန်းနှစ်ဆယ်ဖြစ်သွားတယ်။ ဒီငွေပမာဏကဘယ်လိုလုပ်ပေးနိုင်မှာလဲ။ ဘောလုံးပွဲဆိုတာကလည်းအဖြစ်လုပ်ပြနေတာ”ဟု မေရီကုန်းကျေးရွာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မြို့နယ်ထွေအုပ်မှ ဒဏ်ကြေးငွေတောင်းယူခဲ့မှုကြောင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များမှကျေးရွာသားများအားတစ်ဦးလျှင် ငွေကျပ် ၅၀၀၀ မှ ၁၅၀၀၀ ကျပ်အထိ တောင်းယူမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံကျေးရွာသားများ၏ပြောဆိုချက်အရ သိရသည်။
“အုပ်ချုပ်ရေးမှူးတွေ ဒဏ်ငွေအရိုက်ခံရတာကို ပေးဖို့ဆိုပြီးတော့ ရာအိမ်မှူးတွေအိမ်ကိုလာပြီး တစ်သောင်းလာတောင်းလို့ပေးလိုက်ရတယ်။ ဘောလုံးပွဲမလာလို့ဒဏ်ရိုက်ခံရတာလို့ကြားတာပဲ။ ပိုက်ဆံတစ်သောင်းဆိုတာရှိတဲ့သူတွေအတွက်တော့ မပြောတတ်ပေမဲ့ကျွန်တော်တို့လို့တနေ့လုပ်တနေ့စားဘဝတတွေအတွက်အရမ်းကိုခက်ခဲတာ။အခုကအုပ်ချုပ်ရေးမှူးတွေဒဏ်ငွေအရိုက်ခံရတာနဲ့ရွာသားတွေကစိုက်ပေးရတဲ့သဘောဖြစ်နေတယ်”ဟု ရွာသစ်ကုန်းကျေးရွာသားတစ်ဦးကဆိုသည်။
အလားတူပြီးခဲ့သည့် ဇူလိုင်လ ၁ရက်မှ ဇူလိုင်လ ၁၅ရက်နေ့အထိ မြို့နယ်စစ်ကောင်စီဘောလုံးပွဲပြုလုပ်ရန်အတွက် သာပေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးမှ မြို့တွင်းရပ်ကွက်ရှိ လုပ်ငန်းရှင်များထံသို့ တစ်ဦးလျှင် ငွေ ၁၀သိန်းကျပ်မှ ငွေသိန်း၃၀ ကျပ်ထက်မနည်းတောင်းယူခဲ့ကြောင်း မြို့ခံများထံကသိရသည်။
#သာပေါင်းမြို့နယ် စစ်ကောင်စီ #ဘောလုံးပွဲ #ရပ်ကျေးအုပ်ချုပ်ရေးမှူး #ငွေကျပ်သိန်း၂၀ဒဏ်ရိုက်
#Ayeyarwaddy_Times